ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ ‌ဇွန်လ ၉ ရက်

ပဲခူတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့ပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျောက်ကြီးမြို့မရဲစခန်းအား ယနေ့ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်က တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒရုန်းဖြင့်‌ဗုံးသီးချတိုက်ခိုက်ခဲ့ရာတွင် ထွေအုပ်ရုံးအတွင်းကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ရုံးထဲရှိသူ ခြောက်ဦးထိမှန်ဒဏ်ရာရခဲ့ပြီး စိုက်ပျိုးရေးဦးစီးမှူးဆိုသူသေဆုံးခဲ့သည်ဟု သိရပြီး စည်ပင်ဦးစီးမှူး၊ မီးသတ်ဦးစီးမှူး၊ ရုံးဝန်ထမ်းတစ်ဦးနှင့် စစ်ကောင်စီတပ်သား ၂ ဦးထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ကျောက်ကြီးရဲစခန်းဘက်ကျတဲ့အလုံးက ထိခိုက်မှုတွေမသိရသေးဘူး။ ထွေအုပ်ရုံးထဲအစည်းအဝေးရှိတာကြောင့် ခုလိုထိခိုက်တဲ့သူတွေများသွားတယ်လို့ယူဆရတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို စီးပွားရေးဘဏ်ထဲမှာ ဆေးကုနေတယ်လို့ သိရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ‌လက်နက်ငယ်များဖြင့်ဆက်တိုက် ပစ်ခတ်မှုများရှိကြောင်းလည်း သိရသည်။

ကျောက်ကြီးတွင် ဇွန်လ ၆ ရက်နေ့ကလည်း နတ်သံကွင်းရဲစခန်းအပါအဝင် စစ်ကောင်စီလက်အောက်ခံ နေရာ ငါးခုအားတစ်ပြိုင်နက်ဝင်ရောက်တိုက်ခဲ့ရာ နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတားအားချိုးချနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်ချက်အရ သိရသည်။

#ကျောက်ကြီး #ရဲစခန်း #ထွေအုပ်ရုံး #ဒရုန်း #တိုက်ခိုက်ခံရ #Ayeyarwaddy_Times