ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဇွန် ၉ ရက်
ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်ကြားရှိ သီးမစ်လွင်ပြင်တွင် ချင်းအမျိုးသား တပ်မတော်(CNA)၊ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြား၍ ရှေ့ဆက်တိုးနိုင်ခြင်းမရှိ ကြောင်းသိရသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့သည့် သီမစ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ သေဆုံး ၊ဒဏ်ရာရှိသူစုစုပေါင်း ၅၀ ကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။ ထို့ပြင် စစ်ကောင်စီတပ်သားများသည် သေနတ်များကို သယ်ယူနိုင်ခြင်း မရှိဘဲ ထွက်ပြေးမှုများကြောင့် လူသူမရှိသော နေရာများတွင် ထားခဲ့သည့် သေနတ်များ၊ ခဲယမ်းများကို ချင်းကာကွယ်ရေး တပ်ဖွဲ့များက အလွယ်တကူသိမ်းဆည်းရမိခဲ့ကြောင်း CNA/CNF ထံက သိရသည်။
“အကျအဆုံးတော့ နှစ်ဖက်ရှိတယ်။ စစ်ကောင်စီဘက်ကတော့ သေဆုံးမှုတော်တော် များတယ်” ဟု CNA/CNFပြောခွင့်ရပုဂ္ဂိုလ်ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
နှစ်ပတ်ကျော် ကြာမြင့်နေပြီဖြစ်သည့် သီမစ်တိုက်ပွဲတွင် CNAနှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၁၂ ဦးသေဆုံးခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့က နယ်မြေ ရှင်းလင်းမှု များလုပ်ဆောင်ရာတွင် သေနတ်နှင့် ဒရုန်းအပါအဝင် ခဲယမ်းများ ကိုလည်း သိမ်းဆည်း ရမိခဲ့သည်။
“ကျွန်တော်တို့ဘက်က ဒဏ်ရာရရဲဘော်တစ်ယောက်ကို တခြားရဲဘော်တွေက သွားပြီးတော့ ကယ်ဆယ်တဲ့အချိန်မှာ လက်နက်ကြီးထိမိလို့ အဲ့ဒီလောက်အထိ အကျအဆုံး ရှိရခြင်းဖြစ်ပါတယ်။ ဒဏ်ရာရရှိသူတချို့လည်းရှိပါတယ်” ဟု CNA/CNF ပြောခွင့်ရပုဂ္ဂိုလ်ဆလိုင်းထက်နီက ဆိုသည်။
လက်နက်အင်အားဖြင့် အသာစီးယူရန်ကြိုးစားနေသည့် စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အထိရောက်ဆုံးသော နည်းဗျူဟာဖြင့် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှေ့ဆက်မတိုးနိုင်ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
“စိတ်ဓာတ်ရေးရာအပိုင်းမှာတော့ ကျွန်တော်တို့ဘက်က အားကောင်းခဲ့တယ်။ သူတို့ဘက်မှာ အင်အားရှိသလောက် တိုက်ရည်၊ ခိုက်ရည်မှာ တော်တော်လေး ညံ့ဖျင်း တယ်လို့ ပြောရမယ်။ တိုက်ချင် ခိုက်ချင်စိတ်မှာတော့ ကျွန်တော်တို့က အားသာတယ်။ သူတို့က နယ်မြေမကျွမ်းကျင်တဲ့ နေရာဆိုတော့ စစ်ရေးအရတော့ ကျွန်တော်တို့ဖက်က အသာစီးရနေတယ်။ ပြီးတော့ အခုထိသူတို့ ရှေ့ဆက်မတိုးနိုင်ဘူး။ တိုက်ပွဲကြာနေတာက အဲ့ဒါပါပဲ” ဟု ဆလိုင်းထက်နီက ဧရာ၀တီတိုင်းမ်းကို ဆက်လက်ဖြေကြားသည်။
လက်ရှိတိုက်ပွဲပြင်းထန်နေသည့် သီမစ်လွင်ပြင်သည် ဟားခါးမြို့နှင့် နီးကပ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် မြို့ပေါ်မှ စစ်ကူပေးနိုင်ရန် လွယ်ကူနေကြောင်း သိရသည်။
စစ်ကောင်စီသည် ချင်းပြည်နယ်တွင် မိုးတွင်းစစ်ဆင်ရေးကြီးကြီး မားမား လုပ်ဆောင် နိုင်ရန်အတွက် တင့်ကားများအပါအဝင်ရိက္ခာအပြည့်ဖြင့် ပြီးခဲ့သည့် မတ်လနှင့် ဧပြီလတို့တွင် ကလေးမြို့နှင့် ဂန်ဂေါမြို့ဘက်မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် ချီတက်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဒေသတွင်းရှိ ၎င်းတို့၏ စစ်ကောင်စီ အထိုင်တပ်ဖွဲ့ဝင်တချို့နှင့် ပူးပေါင်းကာ ချင်းအမျိုးသားတပ်မတော်နှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့များကို ချေမှုန်း၍ နယ်မြေစိုးမိုးနိုင်ရန် လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
Photo-CNA တပ်ဖွဲ့ဝင်များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ(ပုံဟောင်း)
#ချင်းပြည်နယ် #ဟားခါး #ထန်တလန် #သီးမစ်လွင်ပြင် #တိုက်ပွဲပြင်းထန် #စစ်ကောင်စီတပ် #သေဆုံးမှုများပြား #ရှေ့ဆက်မတိုးနိုင် #CNA/CNF #Ayeyarwaddy_Times