ဧရာဝတီတိုင်းမ်
(ထီးလင်း)၊ ဇွန်လ ၉ ရက်
မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီမှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇွန်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထီးလင်းမြို့နယ်ရှိ ဆင်ထိုးရွာကို ဇွန်လ ၆ ရက်နေ့တွင် Mi-35 ရဟတ်ယာဉ်ဖြင့် နှစ် ကြိမ်၊ ဇွန်လ ၇ ရက်နေ့တွင် ဆွဲလွဲရွာအား ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် လာရောက် ပစ်ခတ်ခဲ့ပြီး ကင်းထောက်လေယာဉ်များ မကြာခဏပျံသန်းနေကြောင်းဒေသခံ များထံက သိရသည်။
“နှစ် ရက်ဆက်တိုက်ဗုံးလာကြဲခဲ့တာ၊ ဒုတိယရက်မှာတော့ ရဲဘော်တစ်ဦးထိခိုက် ဒဏ်ရာ ရတယ်လို့သိရတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ လေကြောင်းတိုက်ခိုက်တာပါ။ လေကြောင်း တိုက်ခိုက်တာမလာခင် ကင်းထောက်လေယာဉ်တွေအရင်လာတယ်။ ၆ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်လို့ အိမ် နှစ်လုံးပျက်စီးတယ်လို့သိရတယ်” ဟု ထီးလင်းမြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အဆောက်အအုံအချို့ပျက်ဆီးခဲ့ရကြောင်း သိရပြီး ဒေသခံများမှာ နောက်ထပ်လေကြောင်းတိုက်ခိုက်မှုများဆက်ဖြစ်လာမည် စိုးရိမ်သည့် အတွက် ပြောင်းရွှေ့မှုများပြုလုပ်နေကြကြောင်းလည်း သိရသည်။
ထီးလင်းမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ကလည်း လောင်းဗိုလ်လေးကျေးရွာရှိ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ရုံးနေရာအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ရုံးတစ်ခုလုံးမီး လောင်ကျွမ်းခဲ့ပြီး ၃ ဦး သေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – CJ
#မကွေးတိုင်း #ထီးလင်း #လေကြောင်းတိုက်ခိုက်မှု #ကင်းထောက် #စစ်ကောင်စီ #Ayeyarwaddy_Times