ဧရာ၀တီတိုင်းမ်
ဇွန်လ ၉ ရက်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်တွင် စစ်ဘေးရှောင်စခန်းများမှ ၅ နှစ်အောက်ကလေး သူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အာဟာရပြည့်ဝသော သီးနှံနှင့် ဟင်းသီးဟင်းရွက်ရရှိရေးကို ရည်ရွယ်ကာ ဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ဖွဲ့က စိုက်ပျိုးရေး နည်းလမ်းများ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဇွန်လ ၅ ရက်မှ ၈ ရက်နေ့အထိပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင် စခန်းများကို ဦးစားပေးသင်ကြားပေးခြင်းဖြစ်ပြီး ဓာတုဆေးသုံးစိုက်ပျိုးခြင်းမရှိသည့် ဟင်းသီးဟင်းရွက်များ ပိုမိုအသုံးပြုရေးအတွက် အသိပညာပေး မျှဝေခြင်းဖြစ်ကြောင်း သင်တန်းပို့ချသည့် ဆရာတစ်ဦးထံက သိရသည်။

“သင်တန်းရည်ရွယ်ချက်က ၅ နှစ်အောက်ကလေးရှိတဲ့ မိသားစုတွေနဲ့ ကိုယ်ဝန်ဆောင် တွေကို အာဟာရမြှင့်တင်ဖို့ ပိုဦးစားပေးပါတယ်။ ကရင်နီပြည်က တနိုင်ငံလုံးမှာ အာဟာရချို့တဲ့မှု အဆင့်နှစ် ဖြစ်နေတဲ့အတွက် သိသင့်တဲ့ အသိပညာ၊ ဗဟုသုတမျှ ဝေပေးတာပါ။ စားဖိုဆောင်အတွက် အရေးကြီးတာက ဓာတုကင်းစင်ဖို့နဲ့ လျှော့ချဖို့ပါပဲ။ ပြီးတော့ သဘာဝမြေဩဇာ ကိုယ်တိုင်ထုတ်တတ်ဖို့ နည်းလမ်းကိုပါ ပြသပေးပါတယ်” ဟု သင်တန်းတွင်ပါဝင်သည့် နည်းပြဆရာတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

ဖရူဆိုမြို့နယ်တွင် စစ်ဘေးရှောင်စခန်းအများအပြားရှိပြီး ဖရူဆိုအနောက်ဘက်ခြမ်းရှိ ဒုက္ခသည်စခန်း ရှစ် ခုတွင် စစ်ဘေးရှောင် ၆,၀၀၀ ကျော်ရှိကြောင်း သိရသည်။

ကရင်နီဒေသသည် မိုးတွင်းကာလတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စားနပ် ရိက္ခာ ပြတ်လပ်မှုများ ဖြစ်လာနိုင်၍ ကိုယ်ထူကိုယ်ထ စိုက်ပျိုးရေးအတွက် ဒေသဖွံ့ဖြိုးရေး သင်းများက သင်တန်းပို့ချပေးပြီး မျိုးစေ့များလည်း ပေးဝေခဲ့ကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ကရင်နီသည် စစ်ကောင်စီ၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန် ရင်ဆိုင်နေရသော ဒေသ တစ်ခုလည်း ဖြစ်သည်။

ဓာတ်ပုံ – CJ
ပုံစာ- စိုက်ပျိုးရေးနည်းလမ်းများသင်ကြားပို့ချနေစဉ်
#ကရင်နီပြည် #ဖရူဆို #စစ်ဘေးရှောင်ဒေသခံများ #အာဟာရပြည့်သီးနှံ #စိုက်ပျိုးနိုင်ရေး #သင်ကြား #Ayeyarwaddy_Times