ဧရာဝတီတိုင်းမ်
ပဲခူး ၊ ဇွန်လ ၈ ရက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွါးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နတ်သံကွင်းကျေးရွာအတွင်း၀င်ရောက်၍ ကျန်ရှိနေသည့် ဒေသခံများကို ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံများထံမှ သိရ သည်။
ယမန်နေ့ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းအချိန်က စစ်ကောင်စီတပ်မှ နတ်သံကွင်းတံတားနှင့် နတ်သံကွင်း မြို့မရဲစခန်းတွင် ပြန်လည်၀င်ရောက်တပ်စွဲထားပြီး တံတားနှင့် ရဲစခန်းအနီး အမှတ် ၂ ရပ်ကွက်၊ ၃ ရပ်ကွက်၊ ၆ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများကို အတင်း အဓမ္မပြောင်းရွှေ့စေခိုင်းခဲ့ကြောင်း သိရသည်။
“စစ်တပ်က ခုချိန်ထိ မြစ်အရှေ့ကမ်းမှာရှိတဲ့ ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ထိခိုက်တာ တွေတော့ သေချာမသိရသေးဘူး။ အကုန်ပြောင်းပြေး ကြရတာ။ နေခဲ့တဲ့သူတွေကိုလည်း အတင်းပြောင်းခိုင်းနေတယ်”ဟု နတ်သံကွင်းကျေးရွာမှ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီ တပ် စွဲထားသည့် နေရာငါးခုကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုနေ သည့် တံတားသုံးစင်းကိုလည်း ဖျက်ဆီးခဲ့ကြောင်း KNU မှလည်း ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်သား ၄၀ သေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ပဲခူးတိုင်းရှိ နတ်သံကွင်းကျေးရွာ နှင့် ကျေးရွာ ၁၁ ရွာရှိ ဒေသခံပြည်သူ ၅၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး ကျန်ရှိနေသည့် ဒေသခံ များကိုလည်း စစ်ကောင်စီတပ်မှ ဖိအားပေးပြောင်း ရွှေ့ခိုင်းနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီတပ်စွဲထားသည့် ရေတွင်းကုန်းလမ်းခွဲ ကင်းစခန်း၊ နတ်သံကွင်းမြို့မရဲစခန်း၊ နတ်သံကွင်းတံတားထိပ်ရှိ ပူးပေါင်းစခန်း၊ ကွင်းချောင်း၀အရှေ့ခြမ်းရှိတပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း တံတားအနောက်ကင်းနှင့် ဘုံသတောစခန်းတို့ကို KNLA ပူး ပေါင်းတပ်ဖွဲ့မှ ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တောင်းမြစ်ကူး နတ်သံကွင်းတံတား၊ အုန်းနဲပင်နှင့် နယွဲပင်ကြားရှိ တံတား၊ သာစည်နှင့် တာဆုံကြားရှိ တံတားတို့ကို မိုင်းခွဲခဲ့ကြောင်း သိရသည်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ နတ်သံ ကွင်းတိုက်ပွဲတွင် လေကြောင်းတိုက်ခိုက်မှု ကိုးကြိမ်ပြု လုပ်ခဲ့ပြီး နတ်သံကွင်း၊ ဒေါင်းမို့၊ တောကြောင်ပေါက်၊ဝါးပင်စု၊ သောင်ပု၊ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ ဥသျှစ်ခင်၊ အုန်းပင်စု၊ သပြေကုန်းစသည့် ကျေးရွာများမှ ဒေသခံစုစုပေါင်း ၄၅၀၈ ဦး ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU မှ ထုတ်ပြန်ထားသည်။
#ပဲခူး#နတ်သံကွင်း#တိုက်ပွဲ#စစ်ဘေးရှောင်#စစ်ကောင်စီ#KNU#ထုတ်ပြန်
#Ayeyarwaddy_Times