နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၈ ရက်

စစ်ကောင်စီက အာဏာသိမ်းထားသည့် ၂ နှစ်ကျော်ကာလအတွင်း အမျိုးသမီး ၃၅၀၀ ကျော်ကို မတရားဖမ်းဆီးခဲ့ပြီး ယခုနှစ် ၂၀၂၃ ခုနှစ်၊ မတ်လမှ မေလအထိ ၃ လ တာ ကာလအတွင်း အမျိုးသမီး ၁၀၀ ကျော် သတ်ဖြတ်ခံရကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂ-BWU က ထုတ်ပြန်သည်။

စစ်အာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်အထိ စစ်ကောင်စီ၏ မတရားဖမ်းဆီး ထိန်းသိမ်းခြင်းခံရသည့် အမျိုးသမီးစုစုပေါင်း ၃၅၁၇ ဦးအထိ ရှိခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းခံ ထားရသည့် အမျိုးသမီး ၈၅၉ ဦးသည် မတရားပြစ်ဒဏ် ချမှတ်ခြင်းကို ခံနေကြရကြောင်း BWU ထံက သိရသည်။

ထို့အပြင် ယခုနှစ် မေလအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသမီးအရေအတွက်မှာ တိုးလာနေပြီး ပြစ်ဒဏ်ချခံရသူနှင့် သေဆုံးသူ အမျိုးသမီးအရေ အတွက်မှာလည်း များပြားနေဆဲဖြစ်ကာ ထောင်ဒဏ်ချခံမှတ်ခံရသည့် အမျိုးသမီး ၄၀ ဦးအထိရှိကြောင်း သိရသည်။

“အခု တော်လှန်ရေးမှာ အမျိုးသမီးတွေကလည်း နိုင်ရာအခန်းကဏ္ဍက ပါဝင်နေတော့ သူတို့(စစ်ကောင်စီ)က အမျိုးသမီးလည်း သူတို့ကို တော်လှန်မှာပဲ။ ထောင်ချသင့်ချ၊ သတ်သင့်သတ်ဆိုတာတွေ ပိုလုပ်လာတယ်။ သူတို့ ဆီမှာ လူ့အခွင့်အရေးလည်း မသိဘူး၊ အမျိုးသမီးမို့ ဆိုတာတွေလည်း မရှိဘူး။ ဖမ်းရလွယ် သတ်ရလွယ်ရင် ဘယ်သူ့ကိုမဆို သတ်မှာပဲ” ဟု CDM ကထိက ဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလအတွင်း အမျိုးသမီး ၂၉ ဦး၊ ဧပြီလအတွင်း အမျိုးသမီး ၅၅ ဦးနှင့် မတ်လအတွင်း အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၁၁၃ ဦးတို့ကို မတရားဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင်အမျိုးသမီး အများဆုံး သတ်ဖြတ်ခံရ ကြောင်း မြန်မာ့အမျိုး သမီးသမဂ္ဂ-BWU က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၁ ရက်မှ ၂၉ ရက်အတွင်း စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်း ခြင်းခံရသည့် အမျိုးသမီး စုစုပေါင်း ၄၄ ဦးထိရှိခဲ့ပြီး ဖမ်းဆီးခံရသူများတွင် မန္တလေးတိုင်းမှ ၁၃ ဦးဖြင့် အများဆုံးဖမ်းဆီးခံရပြီး တနင်္သာရီတိုင်းသည် ၁၀ ဦးဖြင့် ဒုတိယအများဆုံးဖမ်းဆီးခံရကြောင်း သိရသည်။

ထို့အပြင် မေလအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသည့် အမျိုးသမီး ၂၉ ဦးအနက် အမျိုးသမီး ၁၄ ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အရပ်သားနေအိမ်များသို့ ဝင်ရောက်စီးနင်းချိန်တွင်း ဖမ်းဆီးခံရပြီး နေအိမ်များနှင့်အတူ အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ခံရခြင်းဖြစ်ကြောင်း BWU ကဆိုသည်။

“အာဏာသိမ်းတာကို လက်မခံသူတိုင်းက သူ့(စစ်ကောင်စီ) ရန်သူပဲ။ ကျား/မ ၊ ကလေး ဆိုပြီးခွဲမနေဘူး။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ ရေးပိုင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ တွေးတောပိုင်ခွင့် ဆိုတဲ့ အခြေခံလူ့အခွင့်အရေးတွေကို သူတို့သိလည်းမသိဘူး။ သိလည်း ချိုးဖောက်မှာပဲ” ဟု CDM ကထိကဆရာမတစ်ဦးက ဆိုသည်။

အလားတူ ဧပြီလအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသည့် အမျိုးသမီး ၅၅ ဦးအနက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသို့ ဧပြီလ ၁၁ ရက်က စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အမျိုး သမီး ၄၅ ဦးအထိ အသက် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူးပေါ့နော်။ လူသားချင်းစာနာထောက်ထား မှုတွေ ကင်းမဲ့လွန်းတယ်။ ဖမ်းဆီးတာတွေ နေအိမ်အဆောက်အအုံနဲ့ စားသောက်စရာ တွေကို ဖျက်ဆီးတာတွေက တော်တော်ကိုဆိုးဝါးလွန်းပါတယ်။ ပြည်သူတွေဘဝက ကျီးလန့်စာ စားနေရသလိုပါဘဲ။ ဘယ်နေ့ ကိုယ့်ရွာဝင်မလဲ၊ ဘယ်နေ့ ဖျက်ဆီးခံရမလဲ။ ကိုယ့်လမ်းကိုသွားနေတာတောင်မှ မလုံခြုံတဲ့ဘဝတွေပါ” ဟု အသက် ၃၆ နှစ်အရွယ် မန္တလေးဒေသခံ အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် မတ်လအတွင်းကလည်း အမျိုးသမီး ၂၉ ဦးကို မတရားဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး စစ်ကိုင်းတိုင်းသည် ၁၇ ဦးဖြင့် သေဆုံးမှုအရေအတွက် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း မြန်မာ့အမျိုးသမီးသ မဂ္ဂ-BWU က ထုတ်ပြန်သည်။

ပုံစာ- စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ပဇီကြီးကျေးရွာ

#စစ်ကောင်စီ #အာဏာသိမ်း #၂နှစ်ကျော် #အမျိုးသမီး၃၅၀၀ #ဖမ်းဆီး #၁၀၀ကျော်သတ်ဖြတ် #Ayeyarwaddy_Times