ဧရာဝတီတိုင်းမ်
ဇွန်လ ၈ ရက်

ဇူလိုင်လ ၂၃ ရက်မှာပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံပါတီ မပါဝင်တာကို စိုးရိမ်မိတယ်လို့ အနောက်နိုင်ငံတွေမှ သံတမန်တွေက ထုတ်ဖော်ပြောကြားချိန် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ တိုက်တွန်းသူ တွေကို ဒဏ်ရိုက်ပြီး ထောင်ချမယ်လို့ ကမ္ဘောဒီးယား ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့က ခြိမ်းခြောက်လိုက်ပါတယ်။

မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲမှာ မဲမထည့်ဖို့တိုက်တွန်းပြီး ရွေးကောက်ပွဲကို သံသယဖြစ်အောင် ပြန်လည် ဖန်တီးကာ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နှောင့်ယှက်သူဟာ ဒဏ်ငွေ ဒေါ်လာ ၁၂၀၀ နဲ့ ၄၈၀၀ ကြားအပြင် ထောင်ဒဏ်ကျခံရနိုင်တယ်လို့ ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မတီက ဇွန်လ ၆ ရက်မှာ ထုတ်ပြန်ချက်တစ်ခု အတွင်း ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံပါတီ CLP ကို ယှဉ်ပြိုင်ခွင့်မပြုတာကြောင့် မဲဆန္ဒရှင်တွေ မဲမထည့် ဖို့ သို့မဟုတ် မဲစာရွက်တွေ ဖျက်ဆီးပစ်ဖို့ တောင်းဆိုထားတဲ့ လက်ကမ်းစာစောင်တွေ၊ ဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင် တွေ လူမှုကွန်ရက်မှာ ဖြန့်ဝေတာတွေရှိခဲ့တယ်လို့ ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မတီက ပြောပါတယ်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မတီက CLP ကို ပြီးခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ပြုခဲ့ ပေမယ့် ဒီနှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဆိုပါဆုံးဖြတ်ချက်ကြောင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်ရဲ့ အာဏာရ CPP ကို လာမယ့်လ ရွေး ကောက်ပွဲမှာ အဓိက စိန်ခေါ်နိုင်မယ့် နိုင်ငံရေးပါတီတွေ မရှိတော့ပါဘူး။

ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကမ္ဘောဒီးယားအစိုးရက နိုင်ငံရေးအတိုက်အခံတွေ၊ လွတ်လပ် တဲ့မီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို ပစ်မှတ်ထားတဲ့ ဉပဒေဆိုင်ရာ အရေးယူမှု၊ ခြိမ်းခြောက်မှုနဲ့ အ ကျပ်ကိုင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ အငြင်းပွားဖွယ် အနိုင်ရရှိခဲ့တဲ့ လက်ရှိ လွှတ်တော်မှာ အမတ်နေရာအားလုံး ချုပ်ကိုင်ထားတဲ့ အာဏာရ CPP က လာမယ့်ရွေးကောက်ပွဲမှာ ဆက်လက်အနိုင်ရရှိအောင် ဟွန်ဆမ်က အတိုက် အခံပါတီ ထောက်ခံသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ခြိမ်းခြောက်မှုတေွ ပြုလုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မပြုဖို့ ချန်လှပ်ခံရပေမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ CLP က သံန္နိဌာန်ချထားပါတယ်။

မဲဆန္ဒရှင်တွေ မဲမထည့်တာ ရာဇဝတ်မှုကျူးလွန်တာ မဟုတ်ဖူးလို့ CLP က ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကော်မတီရဲ့ ထုတ်ပြန်ချက်ကို တုံ့ပြန်လိုက်ပါတယ်။

“ဘယ်နိုင်ငံရေးပါတီရဲ့ ဖိအားပေးမှု၊ ခြိမ်းခြောက်မှုနဲ့ လှုံ့ဆော်မှုမပါဘဲ မဲဆန္ဒရှင်တွေက မဲ ထည့် မထည့် ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝရှိတယ်” လို့ ထုတ်ပြန်ချက်တစ်ခုအတွင်း CLP က ပြောပါတယ်။

ကမ္ဘောဒီးယားပြည်သူတွေဟာ သူတို့ကြိုက်တဲ့ပါတီတွေကို ရွေးချယ်ပိုင်ခွင့်ရှိပြီး ဆန္ဒမဲပေးတာ တာဝန် တစ်ခုမဟုတ်ဖူးလို့ ကမ္ဘောဒီးယား လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကော်မတီရဲ့ ညှိနှိုင်းရေးမှူး ကန် ဆာဗန်က ပြောပါတယ်။

ကိုးကား – RFA
Ref; Cambodia threatens fines, prison for those urging election boycott

#Ayeyarwaddy_Times