ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇွန်လ ၈ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ချောင်းညီကိုကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း တနင်္သာရီ (ပကဖ) တာဝန်ရှိသူများ ထံကသိရသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ ၊ မွန်းလွဲ ၂ နာရီခန့်က ချောင်းညီကိုကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲ နေထိုင်သည့် အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ကို အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဘုန်းကြီး ကျောင်းမှာ တပ်စွဲ ပြီး စစ်ကြောင်းထိုးတာက အမတ (၃၀၆) အမြောက်တပ်က လို့သိရတယ်။ အဲဒီနေ့က ရွာတွေဖက်ကို တစ်နေကုန်နီးပါး လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်လို့ နှစ်ဖက် စစ်ရေးတင်းမာခဲ့တယ်။ အဲ့ဒီလိုပစ်ခတ် တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲက ၁ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု များတယ်”ဟု တနင်္သာရီ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က PDF ရဲဘော် နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း တနင်္သာရီ ပကဖ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် ဘန်းလမွတ်၊ ဘန်းသဲ၊ ချောင်းညီကို၊ ညောင်ပင်ကုန်း၊ ရမ်းဖိုရွာ နှင့် ရေဖြူရွာများမှ ဒေသခံများ ထွက်ပြေး နေရကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ KTLA-TCJF၊ တနင်္သာရီ ရိုးမပူးပေါင်းအဖွဲ့၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ SWDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တနင်္သာရီ မြို့နယ်တွင် ပြီးခဲ့သည့် မေလအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အမြဲတမ်း စစ်ရှောင်အပါဝင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်စစ်ရှောင် စုစုပေါင်း ၅၀၀၀ ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

#တနင်္သာရီ #ဘုန်းကြီးကျောင်း #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #PDFပူးပေါင်းတပ်ဖွဲ့ #ဝင်ရောက်တိုက်ခိုက် #Ayeyarwaddy_Times