ဧရာဝတီတိုင်းမ်
ဇွန်လ ၈ ရက်
မြန်မာ နိုင်ငံတစ်ဝန်း မိုးကြိုကာလတွင် မိုးကြိုးပစ်ခံရမှုကြောင့် ဧပြီလမှ ဇွန်လ ပထမပတ် အထိ သေဆုံးသူ ၁၂ ဦးခန့်နှင့် ထိခိုက် ဒဏ်ရာရသူ ၂ ဦးရှိကြောင်း သတင်း ရရှိသည်။
အဆိုပါ မိုးကြိုးပစ်ခံရမှုများတွင် မိုးထစ်ချုန်း ရွာသွန်းချိန်နှင့် လျှပ်စီးလက်ချိန်တွင် ဖြစ်ပေါ်လာကာ အဆောက်အအုံပြင်ပ ရောက်နေသူ၊ လယ်ကွင်းထဲ ရှိနေသူ၊ နေအိမ်တွင်း ဖုန်းအသုံးပြုသူများ အပါအဝင် အမိုးအကာအောက် နေထိုင်သူများ လည်း မိုးကြိုးထိမှန် သေဆုံးမှု၊ ထိခိုက် ဒဏ်ရာရမှုများ ရှိသည်ဟုလည်း ဆိုသည်။
ဇွန်လ ၂ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ နွားကျောင်းသား ၁ ဦးနှင့် နွား ၁ ကောင် သေဆုံးသွားကြောင်း အောင်ပန်း နာရေးကူညီမှု အသင်းကလည်း ပြောသည်။
ထို့ပြင် မေလ ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသွားသူ ၄ ဦးရှိကာ ကျောက်ဖြူ မြို့နယ်မှ ၁ ဦး၊ ရသေ့တောင်မြို့နယ်မှ ၁ ဦး အပါအဝင် ရမ်းဗြဲမြို့နယ်မှ သေဆုံးသူ ဆယ်ကျော်သက် ညီအစ်ကို ၂ ဦးသည် နေအိမ်အတွင်း ဖုန်းအသုံးပြုနေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ရသေ့တောင် မြို့နယ်မှ လယ်သမား ၁ ဦး မိုးကြိုးပစ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာ ရသွားသည်ဟုလည်း ဆိုသည်။
“မိုးကြိုးက လယ်ပြင် ထီးထီးရှိတဲ့နေရာ ပိုဖြစ်တယ်။ လျှပ်စီးလက်ချိန်ဆို ဖုန်းတွေ မကိုင်ထားတာ ကောင်းတယ်။ သံနဲ့ သတ္တု ပစ္စည်းတွေဆိုတော့ လျှပ်စစ် အလွယ်တကူ စီးနိုင်လို့ မိုးကြိုးပစ်ခံရ လွယ်တယ်။ ကွင်းပြင်ထဲတို့ အပြင်တို့ ရောက်နေချိန် လျှပ်စီးလက်သံ ကြားတာနဲ့ နီးစပ်ရာ အနိမ့်အပိုင်း နေရာတွေမှာ ဝပ်နေရမယ်” ဟု သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ လေ့လာသူ ၁ ဦးက ပြောကြားသည်။
ရန်ကုန်မြို့ ဒဂုံမြို့နယ်သစ် (မြောက်ပိုင်း) တွင် မေလ ၂၀ ရက်နေ့၌ ၃၀ ရပ်ကွက်ရှိ ဈေးတစ်ခုတွင် သစ်ပင်အောက် ဈေးထိုင် ရောင်းနေချိန်တွင် မိုးခြိမ်းကာ မိုးကြိုးပစ်ခံရပြီး ဈေးသည် အမျိုးသမီး ၁ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင်လည်း မေလ ၂၅ ရက်နေ့ ညပိုင်းက ရုတ်တရုတ် မိုးရွာလာပြီး မိုးချိန်းသံများနှင့်အတူ မိုးကြိုးပစ်ခံရမှုကြောင့် ရာဘာခြံထဲရှိ တဲအိမ်ထဲမှ ဇနီးမောင်နှံ ၂ ဦးတွင် အမျိုးသား ဖြစ်သူ သေဆုံးသွားကာ ဇနီးဖြစ်သူ ထံတွင် မီးလောင်ဒဏ်ရာ ရသွားကြောင်း ကျိုက်ထိုမြို့နယ် ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
ယင်းပြင် မေလ ၂၄ ရက်နေ့တွင်လည်း ကချင်ပြည်နယ် ဖားကန့်ဒေသ လုံးခင်းကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းကာ လေပြင်း တိုက်ချိန်တွင် ရေမဆေးကျောက်ရှာသူ အမျိုးသား ၂ ဦး သေဆုံးသွားသည်ဟုလည်း ဆိုသည်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၌လည်း မေလ ၁၆ ရက်နေ့တွင် ကိုးထောင်ဘို့ တိုက်နယ်မှ စစ်ရှောင် အမျိုးသား ၁ ဦးသည် မိသားစုနှင့်အတူ စစ်ရှောင်တဲတွင် နေထိုင်နေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှား သူများ အဖွဲ့ထံမှ သိရသည်။
မေလ ပထမပတ်က သထုံမြို့နယ်တွင် လယ်သမား ၁ ဦး လယ်ကွင်းထဲရှိနေချိန် မိုးကြိုးထိမှန်၍ သေဆုံးသွားကြောင်း၊ ဧပြီလ ၂၂ ရက်နေ့ကလည်း မကွေးတိုင်း မကွေးမြို့နယ်၊ ဆူးကောက်စမ်း ကျေးရွာ၌ သားအဖ နှစ်ဦး နွားကျောင်း သွားနေချိန်တွင် မိုးကြိုးပစ်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံတွင်း မိုးကြိုးဘေးအန္တရာယ်မှာ မိုးကြိုကာလနှင့် မိုးနှောင်း ကာလပိုင်းတွင် ပိုမိုဖြစ်ပွားတတ်ပြီး နေ့လယ် ၁၂ နာရီမှ ညနေ ၆ နာရီအတွင်း ဖြစ်တတ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။
ထို့ပြင် မိုးထစ်ချုန်းရွာသွန်း၊ လျှပ်စီး လက်ခြင်းများ ဖြစ်ပေါ်လာချိန်တွင် မိုးကြိုးစက်ကွင်း အန္တရာယ်ရှိနိုင်သဖြင့် အပြင်မှာ ရှိနေစဉ် အမိုးအကာအောက် ဝင်နေရန်၊ သံ၊ သတ္တုပစ္စည်းများကို ကိုင်မထားရန်၊ သစ်ပင်၊ ဓာတ်တိုင်၊ သွပ်ဆူးကြိုးများ အနီးတွင် မနေရန်၊ စက်ဘီး၊ ဆိုင်ပေါ်ရောက်ရှိနေပါက အမြန်ဆုံး ဆင်းရမည် ဖြစ်ကြောင်းလည်း ယင်းဌာနက ထုတ်ပြန် ထားသည်။
မိုးကြိုးပစ်မှုကြောင့် ၂၀၁၉ ခုနှစ်တွင် ၁၃၃ ဦးသေဆုံးကာ ၅၂ ဦး ဒဏ်ရာ ရကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် လူ ၆၂ ဦး သေဆုံးကာ ၂၆ ဦး ဒဏ်ရာ ရကြောင်းလည်း စစ်ကောင်စီ လက်အောက်ခံ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။
#မိုးကြိုကာလ #မိုးကြိုးပစ်ခံရမှု #သေဆုံးသူ ၁၂ ဦးခန့်ရှိ #ဒဏ်ရာရသူ၂ဦး #Ayeyarwaddy_Times