ဧရာဝတီတိုင်းမ်
ဇွန်လ ၈ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ မီတာခ ပေးဆောင်ရန် ကြွေးကျန်ရှိတဲ့နေအိမ်များအား စစ်ကောင်စီလက်အောက်ခံ မီတာရုံးဝန်ထမ်းများက ဇွန်လ ၇ ရက်နေ့မှာ မဆောင်ပါကဖြုတ်သိမ်းမယ်ဆိုကာ ခြိမ်းခြောက်မှုတွေပြုလုပ်နေတယ်လို့ ပုသိမ် မြို့ခံတွေကပြောပါတယ်။
ယခင်က မီတာကြွေးကျန်များအား အရစ်ကျခွဲ၍ ဆောင်ခွင့်ပြုထားရာမှ ကြွေးကျန်မှန်သမျှအား ဇွန်လ ၇ ရက်နေ့မှာ အပြီးပေးဆောင်ရမယ်လို့ပြောကြားခဲ့ပြီး တစ်လတစ်ခါမဆောင်ပါက အရေးယူမယ်လို့ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ EPC ကဝန်ထမ်းတွေပါ စာရေးမတွေလည်းပါတယ်။စကားပြောတာအရမ်းရိုင်းတယ် ကျန်ငွေရော ဒဏ်ငွေရော သူတို့ကိုတစ်ခါထဲပေးရမယ်ဆိုပြီးပြောတယ်။မီတာခ ကြွေးကျန်တွေရှိတဲ့အိမ်တွေကိုမီတာပုံးတွေအ အပြီးဖြုတ်သိမ်းမယ်လို့ခြိမ်းခြောက်ပါတယ်။ မနေ့ကလည်းအမှတ် ၂ ရပ်ကွက်မှာ မီတာမဆောင်တဲ့အိမ်တွေကို မီတာပုံးတွေ ဖြုတ်သိမ်းသွားတယ်” လို့မြို့ခံ အမျိုးသမီးတစ်ဦးကဧရာ၀တီတိုင်းမ်းကိုပြောပါတယ်။
ပြီးခဲ့တဲ့မေလအတွင်းမှာ ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်ကနေအိမ် ၃၀ လုံးကို စစ်ကောင်စီလက်အောက်ခံ EPC ရုံးဝန်ထမ်းများက မီတာများ ဖြုတ်သိမ်းခဲ့ပြီး အခြားရပ်ကွက်နဲ့ ကျေးရွာတွေမှာလည်းလိုက်လံဖြုတ်သိမ်းနေတယ်လို့ မြို့ခံများကပြောပါတယ်။
ပုသိမ်မြို့မှာစစ်ကောင်စီက လျှပ်စစ်မီးကို အချိန်ဇယားဖြင့်သာ ဖြန့်ဝေနေသော်လည်း ပေးဆောင်ရသည့် မီတာခမှာ ယခင်ကထက် လျော့နည်းသွားခြင်းမရှိဘူးလို့ ဆိုပါတယ်။
ဝင်ငွေရလမ်း နည်းပါးလာချိန်မှာ မီတာခများအား ဖိအားပေးကောက်ခံမှုများ ဆက်တိုက်ပြုလုပ်လာပြီး မီတာဖြုတ်သိမ်းမှုများအပြင် မီတာရုံးဝန်ထမ်းများကမီတာပြန်တပ်ရေးအတွက်ငွေကြေးရယူ လာဘ်စားမှုများဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
#ပုသိမ် #စစ်ကောင်စီ #ဝန်ထမ်းများက #မီတာခကြွေးကျန်ရှိနေအိမ်များ #မီတာပုံးလိုက်ဖြုတ်မယ်ခြိမ်းခြောက်နေ