ဧရာဝတီတိုင်းမ်
(ချင်း)၊ ဇွန် ၈ ရက်

မိုခါမုန်တိုင်းသင့်နေသော ချင်းတိုင်းရင်းသားများအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က သိန်းပေါင်း နှစ်ထောင်ကို ချင်းအမျိုးသားတပ်ဦး(CNF)ကတစ်ဆင့်လှူဒါန်းခဲ့​ပြီး မုန်တိုင်းဘေးဒဏ်သင့်နေသော ဒေသခံများထံ အမြန်ဆုံးနှင့်အထိရောက်ဆုံးဖြစ်အောင် ဖြန့်ဝေသွားရန် ပြင်ဆင်နေကြောင်း CNFထံမှ သိရသည်။

လူသားချင်းစာနာထောက်ထားသည့် အကူအညီအဖြစ် ချင်းပြည်သူများအတွက် ညီအကိုရင်းစိတ်ဓာတ်ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ကူညီလှူဒါန်းပေးမှုအပေါ် အထူးကျေးဇူးတင်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့တွင် CNF က ထုတ်ပြန်ထားသည်။

” ချင်းပြည်သူတွေ မိုခါမုန်တိုင်းသင့်တဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ကောက်ခံနေတာပေါ့။ ကျွန်တော်တို့ အသေးစိတ်ကောက်ခံမှုကတော့ ပြီးသလောက်ရှိနေပြီပေါ့။ အဲ့ဒီမှာပဲ ဖြန့်ဝေမှုကို ကျွန်တော်တို့က လုပ်သွားမယ်။ အဓိကကတော့ မုန်တိုင်းဒဏ်ပိုပြီးသင့်တဲ့ နေရာစသဖြင့် ကျွန်တော်တို့က အဲ့ဒီအထောက်အပံ့ကို ပြန်ပြီးတော့ ဖြန့်ဝေသွားမယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဒီကချင် KIO ကိုလည်းကောင်း၊ အလှူရှင်ကချင်ပြည်သူတွေကိုလည်းကောင်း ကျွန်တော်တို့ အများကြီးကျေးဇူးတင်တယ် “ ဟု CNA/CNFပြောခွင့်ရပုဂ္ဂိုလ်ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုခါမုန်တိုင်းဘေးဒဏ်သင့်ချင်းပြည်သူများအတွက် ချင်းအမျိုးသားတပ်ဦး (CNF)က တစ်ဆင့် KIO က ပထမဦးဆုံးအကူအညီပေးခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ချင်းပြည်သူများအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများက လာရောက်ဆက်သွယ်ခြင်းနှင့် ပါဝင်လှူဒါန်းခြင်းမရှိသေးကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံးထဲတွင်ချင်းပြည်နယ်လည်းပါဝင်နေပြီး အိမ်ခြေစုစုပေါင်း ၂၇၀၀ ကျော်၊ စာသင်ကျောင်း ၁၈၀ ကျော်၊ ဘာသာရေးအဆောက်အဦး ၁၀၀ ကျော်၊ ကျန်းမာရေးဌာနများနှင့် စပါးကျီ ၂၅၀ ကျော်ပျက်စီးခဲ့သလို အိမ်မွေးတိရိစ္ဆာန်စုစုပေါင်း ၇၀ ကျော်သေဆုံးခဲ့ကြောင်းကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၏ ထုတ်ပြန်ချက်အရသိရသည်။

မုန်တိုင်းသင့် ချင်းပြည်သူများသည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် – UNDP၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ – UNICEF၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး – UNHCR နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး – UNOCHA စသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏အကူအညီကိုလည်း လက်ရှိအချိန်ထိ (လုံး၀)မရရှိကြောင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်များ၏ ပြောဆိုချက်အရသိရသည်။

” အဲ့ဒီအပေါ် အလှူရှင်တွေကိုလည်း ချင်းရယ်၊ ရခိုင်ရယ်ဆိုပြီးတော့ မရှိပါဘူး။ ပိုပြီးတော့ မုန်တိုင်းဒဏ်သင့်တဲ့ ပြည်သူတွေကို အရင်လုပ်တာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ချင်းပြည်နယ်ကိုလည်း သူတို့လည်း လုပ်သွားကြမှာပေါ့။ ဒါပေမယ့် ဒီနေ့အထိတော့ တခြားအလှူရှင်တွေကတော့ ချင်းတောင်ထဲကို ကျွန်တော်သိရသလောက် နည်းနေတယ်။ မရှိသလောက်ဖြစ်နေတယ်လို့ မြင်တယ်။ ရှိရင်လည်း ရှိနိုင်ပါတယ်။ ဒါပေမယ့်ကျွန်တော်လေ့လာမှုအားနည်းသွားတာလည်း ဖြစ်နိုင်တယ်ပေါ့နော် “ ဟု ဆလိုင်းထက်နီက ဆက်လက်ပြောဆိုသည်။

ချင်းပြည်နယ်သည်လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်ရန် အိမ်ဆောက်ပစ္စည်းများလည်း လိုအပ်သလို မဝယ်ယူနိုင်သည့်အပြင် စစ်ကောင်စီကလည်း မုန်တိုင်းသင့်ချင်းပြည်သူများကို လုံလောက်စွာ ထောက်ပံ့ကူညီခြင်းမရှိကြောင်းဒေသခံများထံမှ သိရသည်။

ချင်းပြည်သူများသည် စစ်ဘေးဒဏ်ကို ခံနေရသည့်အပြင် မုန်တိုင်းဒဏ်ပါထပ်မံကြုံတွေ့နေရပြီး ပြည်တွင်း၊ ပြည်ပစေတနာရှင်များအနေဖြင့် ပါဝင်လှူဒါန်းပေးကြရန် CNFက မေတ္တာရပ်ခံထားသည်။

” မိုခါမုန်တိုင်းထပ်ဖြစ်လာတော့ ကျွန်တော်တို့က နှစ်ခါနစ်နာတာပေါ့။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်း၊ ပြည်ပစေတနာရှင်အလှူရှင်တွေကိုလည်း ပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ချင်းတောင်ဆိုတာ အဆင်းရဲဆုံးပြည်နယ်လည်း ဖြစ်တယ်။ ပြီးတော့ မိုးတွင်းရောက်ပြီးဆိုတော့ လမ်းပန်းဆက်သွယ်ရေးလည်း တော်တော်ခက်ခဲပြီဆိုတော့ ပြည်သူလူထုလိုအပ်ချက်ကတော့ နေ့စဥ်နဲ့အမျှပါပဲ။ မုန်တိုင်းဘေးဒဏ်သင့်အခုလောလောလတ်လတ်ကြုံနေတဲ့ဟာတော့ အကူအညီပေးကြဖို့ ကျွန်တော်အလေးအနက်မေတ္တာရပ်ခံလိုတယ်” ဟု ဆလိုင်းထက်နီက မေတ္တာရပ်ခံသည်။

လက်ရှိချင်းပြည်နယ်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမှုကြောင့် ဒေသအတွင်းတွင် CNAအပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ပုံ—ချင်းပြည်နယ်တွင် မိုခါကြောင့် ပျက်စီးသွားသော နေအိမ်တစ်ချို့။
#ချင်းပြည်နယ် #မိုခါမုန်တိုင်း #ပြည်သူများ #ကချင်လွတ်မြောက်ရေးKIO #သိန်းပေါင်းနှစ်ထောင်လှူဒါန်း
#Ayeyarwaddy_Times