ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ ဇွန်လ ၈ ရက်
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ တခွကျဲကျေးရွာတွင်နေထိုင်သည့် ပျူစောထီးခေါင်းဆောင်ကိုလေးအား ယမန်နေ့ ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဒိုးတန်းရွာရာအိမ်မှူးဖြစ်သည့် ကိုလေးအား ရေတာရှည်(ပကဖ)မှ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း စစ်ကောင်စီထောက်တိုင်အဖြစ် ဆက်လက်ပြုလုပ်နေသည့်အတွက် ၎င်းအား သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူကပထမအကြိမ်မှာထွက်ပြေးတော့လွတ်သွားတာ။ အခုဒုတိယမှာလဲထွက်ပြေးသေးတယ်။ အခုကသူ့အိမ်အထိကျွန်တောတို့လိုက်ပစ်ခဲ့တယ်။ သူ့အိမ်မှာ ပိုက်ဆံတွေ၊ လက်ဝတ်လက်စားတွေတွေပေမဲ့ မယူခဲ့ပါဘူး။ တော်လှန်ရေးတပ်ဖွဲ့ကနေ ဓားမြအဖွဲ့လိုဖြစ်သွားမှာစိုးလို့။ သူ့အိမ်ဆိုတော့စည်းစောင့်ခဲ့တာပါ။ သူပထမအကြိမ်ပစ်ခံရပြီးတော့ စစ်ကောင်စီကနေ လုံခြုံရေးအတွက်ဆိုပြီး သူ့ကို သေနတ်ထုတ်ပေးထားတာရှိတယ် “ဟု ရေတာရှည်(ပကဖ) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါပျူစောထီးခေါင်းဆောင် ကိုလေးဆိုသူမှာ သေနတ်ဖြင့်ပြည်သူများကိုခြိမ်းခြောက်ခြင်း၊ စိုက်ဘဏ်ချေးငွေများအား အတင်းအဓမ္မသွင်းခိုင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှင့် ဆက်စပ်သူများအားစစ်ကောင်စီနှင့် ပူးပေါင်းဖမ်းဆီးကာ ငွေတောင်း၍တစ်ဝက်စီခွဲယူခြင်း များပြုလုပ်နေပြီး ဒေသခံများမှ တိုင်ကြားမှုများရှိခြင်းကြောင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပျူစောထီးခေါင်းဆောင် ကိုလေးအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ပထမကြိမ်ပစ်ခတ်ရန်ကြိုးစားခဲ့သော်လည်း လုံခြုံရေးအခြေအနေအရ မအောင်မြင်ခဲ့ပဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းလည်း ရေတာရှည်(ပကဖ) ထံက သိရသည်။
ဓာတ်ပုံ – ရေတာရှည်(ပကဖ)။