ဧရာဝတီတိုင်းမ်
ဇွန်လ ၈ ရက်

မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာတွေ ရောင်းချမှုကို ရုတ်သိမ်းလိုက်တဲ့ ဗြိတိန် လက်ဝတ်ရတနာ ကုမ္ပဏီ TJC ရဲ့ဆုံးဖြတ်ချက်ကို Burma Campaign UK က ကြိုဆိုလိုက်ပါတယ်။

TJC ဟာ ဗြိတိန်နိုင်ငံရဲ့ အကြီးမားဆုံး အွန်လိုင်း လက်ဝတ်ရတနာ အရောင်းကုမ္ပဏီတွေထဲက တစ်ခု ဖြစ်တယ်လို့ Burma Campaign UK က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာတွေ မတင်သွင်းဖို့ တရားဝင် မူဝါဒတစ်ရပ်ရှိပြီး အွန်လိုင်းမှာ အရောင်း တင်ထားတဲ့ မြန်မာ့ကျောက်မျက်ရတနာတွေကို မရောင်းချဖို့ ဆုံးဖြတ်လိုက်တယ်လို့ Burma Campaign UK ထံ ပေးပို့ခဲ့တဲ့ စာတစ်စောင်အတွင်း TJC ကုမ္ပဏီက ပြောပါတယ်။

ဗြိတိန်နိုင်ငံက လက်ဝတ်ရတနာကုမ္ပဏီတွေဟာ သူတို့ ရောင်းချနေတဲ့ ကျောက်မျက်ရတနာပစ္စည်းတွေ ဟာ မြန်မာစစ်တပ်အတွက် ဝင်ငွေရစေတဲ့ ကျောက်မျက်တွေမဟုတ်ကြောင်း သက်သေပြဖို့ Burma Campaign UK က မေလ ၃၀ ရက်မှာ ဗြိတိန်နိုင်ငံရဲ့ အကြီးမားဆုံး ကျောက်မျက်ကုမ္ပဏီ ၄၀ ထံ စာရေးသားတောင်းဆိုခဲ့ပါ တယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ဟာ တစ်နှစ်ကို ဒေါ်လာ ၂ ဘီလီယံလောက် ဝင်ငွေရရှိနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ကျောက်မျက်ရတနာလုပ်ငန်းကို ထိန်းချုပ်ထားတယ် လို့ Burma Campaign UK က ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ တပ်ပိုင်ကုမ္ပဏီတွေ၊ နိုင်ငံပိုင်လုပ်ငန်းတွေ၊ အစိုးရဝန်ကြီးဌာနတွေအပြင် စစ်တပ် ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေမှတစ်ဆင့် တရားဝင်နဲ့ တရားမဝင် ကျောက်မျက်ရတ နာ ရောင်းချမှုတွေကို ထိန်းချုပ်ထားပြီး ကျောက်မျက်လုပ်ငန်းကနေ ပုံစံနည်းမျိုးစုံနဲ့ ဝင်ငွေရနေတယ်လို့လည်း Burma Campaign UK က ပြောပါတယ်။

ကျောက်မျက်လုပ်ငန်းကနေ ရတဲ့ဝင်ငွေတွေနဲ့ မြန်မာစစ်တပ်ဟာ စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူနိုင်ပြီး လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတာဖြစ်ပါတယ်။

ကျောက်မျက်ကုမ္ပဏီအများစုဟာ သူတို့ရောင်းချတဲ့ ပတ္တမြားလိုမျိုး ကျောက်မျက်တွေရဲ့ မူလတိုင်းပြည် ကို မဖော်ပြဘူး လို့ Burma Campaign UK ရဲ့ သုတေသနက ဖော်ပြနေပါတယ်။

“အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံကနေကျောက်မျက်ရတနာတွေ မတင်သွင်းဖို့ TJC က ဆုံးဖြတ်ခဲ့ တာ အထင်ကြီးလောက်စရာဖြစ်ပါတယ်။ ဒီကိစ္စအပေါ် TJC ရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ရပ်တည်ချက်က ချီးကျူးဖို့ ထိုက်တန်ပါတယ်။ အခြား ဗြိတိန် ကျောက်မျက်ရတနာကုမ္ပဏီတွေက TJC လိုမျိုး လုပ်ဆောင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး မတ်ခ်ဖာမန်နာက ပြောပါတယ်။

ကိုးကား – Burma Campaign UK
Ref; TJC Withdraws Burmese Gems From Sale

#Ayeyarwaddy_Times