ဧရာ၀တီတိုင်းမ်
ဇွန်လ ၈ ရက်

စစ်ကောင်စီတပ်တွင် ကရင်နီနယ်သို့ ရှေ့တန်းမထွက်လို၍ တပ်တွင်းအရာရှိများကြား သိန်းရာချီလာဘ်ထိုးမှုများရှိနေပြီး ရာထူးတိုးပေး၍ စစ်တိုက်ခိုင်းမည်ကို ကြောက်ရွံ့ နေကြောင်း စစ်တပ်အရာရှိများနှင့်နီးစပ်သူထံက သိရသည်။

သာယာ၀တီမြို့နယ် အခြေစိုက် (၁၀၁၀) လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်မှူး ကြည်မျိုးလွင်သည် ရာထူးတိုး၍ နေရာပြောင်းရှေ့တန်းထွက်ရန် ပြီးခဲ့သည့် မေလဆန်းက ညွှန်ကြားချက်ကျလာပြီးနောက် နေရာပြောင်းရွှေ့ ရှေ့တန်းမထွက်လို သဖြင့် နေပြည်တော်ဌာနချုပ်ရှိ ထိပ်ပိုင်းခေါင်းဆောင်များကို သိန်းရာချီပေး၍ လာဘ်ထိုးမှုများရှိနေကြောင်း သိရသည်။

“ရာထူးတိုးပြီး နေရာပြောင်းရွှေ့ရမှာစိုးလို့ ပိုက်ဆံပေးပြီး လာဘ်ထိုးတာ။ နေပြည်တော်က လူကြီးတွေကို သိန်း ၇၈၀ ကန်တော့လိုက်ရတယ်ကြားတယ်။ တပ်ထဲမှာတော့ ဒီလိုပဲကိုယ်မသွားချင်တဲ့နေရာဆို တောင်းသလောက် ရှာပေးလိုက်ရင် မသွားရတော့ဘူး။ သူကတော့ မသေချာသေးဘူး။ ပြဿနာလည်းရှိထားတော့ ကန်တော့ ငွေနဲ့ ကယ်နိုင်မလားမသိဘူး။ ရာထူးတိုးပြီး ရှေ့တန်းမထွက်ချင်ကြတော့ ရာထူးတိုးမှာကို ကြောက်နေကြတယ်”ဟု တပ်တွင်းအရာရှိများနှင့်နီးစပ်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် စစ်ကောင်စီတပ် ခလရ(၁) တပ်ရင်းမှ ဗိုလ်ကြီးမင်းခန့်ကျော်အပါအ၀င် စစ်ကောင်စီတပ်သားငါးဦးသည် မေလ ၂၁ ရက်နေ့က ကရင်နီပြည်နယ် တိုက်ပွဲအတွင်း သေဆုံးခဲ့၍ တပ်ရင်းမှူးတစ်ဦးမှာ စစ်မတိုက်လိုသဖြင့် ထွက်ပြေးရာတွင်ဖမ်းဆီး၍ စစ်ခုံရုံးတင်သေဒဏ်ပေးမှု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည်။

အဆိုပါ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သူရိန်သည် ရှေ့တန်း၌ စစ်မတိုက်လိုသဖြင့် မေလ ၂၇ ရက်နေ့တွင် ရှေ့တန်းစစ်မျက်နှာပြင်မှထွက်ပြေးခဲ့ရာ စစ်ကောင်စီမှ ပြန်လည်ဖမ်းမိခဲ့ပြီး စစ်ခုံရုံးဖြင့်ချုပ်နှောင် စစ်ဆေးကာ သေဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

သေဒဏ်ချမှတ်ခံရသည့် တပ်ရင်းမှူးသူရိန်နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်မှူးကြည်မျိုးလွင်တို့သည် ညီအစ်ကို၀မ်းကွဲတော်စပ်သူများဖြစ်သည်။ ဗိုလ်မှူး ကြည်မျိုးလွင်သည် တပ်ရင်းမှူးသူရိန်ပိုင်ဆိုင်သည့် သိမ်းဆည်းခံရမည့် ပစ္စည်းများကို ပြောင်းရွှေ့ကူညီပေးမှုများ ပြုလုပ်ခဲ့သောကြောင့် ရာထူးတိုးပေးကာ ရှေ့တန်းပို့ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခလရ (၁) တပ်ရင်းသည် အမ်းမမြို့အခြေစိုက် အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် (တမခ ၆၆) လက် အောက်ခံတပ်ဖြစ်ပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက် တပ်မ (၆၆) နှင့် လက်အောက်ခံတပ်ရင်း ၁၀ ရင်းသည် ကရင်နီပြည်နယ်အတွင်း‌ ၀င်ရောက် နေသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်သည်။

#ကရင်နီနယ် #တပ်တွင်းအရာရှိများ #လာဘ်ထိုး #ရာထူးတိုး #ရှေ့တန်း #စစ်တိုက်ခိုင်း #Ayeyarwaddy_Times