နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မအူပင်)/ဇွန်လ ၈ ရက်
ငလျင်ထပ်လှုပ်မည်ကို စိုးရိမ်သည့်မအူပင်ဒေသခံများသည် ၄င်းတို့နေထိုင်ရာ အိမ်ထဲတွင် မနေရဲ သည့်အတွက် လမ်းမပေါ်တွင် ထွက်နေကြရကြောင်း ဒေသခံများထံက သိရသည်။
ဇွန်လ ၇ ရက်နေ့က ညောင်တုန်းမြို့အနီး ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ ညောင်တုန်းမြို့ နယ်အပြင် မအူပင်မြို့နှင့် ရန်ကုန်မြို့တို့တွင် ငလျင်လှုပ်ခတ်မှုဒဏ်ကို သိရှိခံစားခဲ့ရသည်။
“မအူပင်မြို့မှာ ငလျင်ကြောင့်အဆောက်အဦးပြိုကျပြီး သီလရှင်တစ်ပါးနဲ့ အသက် (၅၀) ကျော်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး သမိုင်းဝင်ဘုရားကြီးဖြစ်တဲ့ ရွှေဘုန်းမြင့် စေတီတော်ကြီး စိန်ဖူးတော်ပါ မြေခ ပျက်စီးသွားတယ်။ မြို့ခံတွေလည်း ကြောက်ပြီး အိမ်ထဲ မဝင်ရဲကြဘူး။ အပြင်ထွက်နေကြရတာ “ ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါငလျင်ကြောင့် မအူပင်မြို့တွင် ဘာသာရေးအဆောက်အဦးများနှင့် မအူပင်တက္ကသိုလ်အပါအဝင် အဆောက်အဦးအချို့ ပျက်စီးခဲ့သည်။
မြန်မာပြည်တွင်း ညောင်တုန်းမြို့၏ တောင်- အရှေ့တောင်ဘက် ၅ မိုင်အကွာတွင် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ခတ် သွားကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင်ငလျင်အဓိကလှုပ်ခတ်သည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် ကချင်ပြည်နယ် ပူတာအိုအနီးမှစတင်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်းဆင်းလာပြီး စစ်တောင်းမြစ်ဝှမ်းကိုဖြတ်ကာ မုတ္တမ ပင်လယ်ကွေ့ အတွင်းဝင်ရောက်သွားခြင်းဖြစ်သည်။
ကမ္ဘာမြေကြီးအောက်ရှိ ကျောက်လွှာများရုတ်တရုတ်ကျိုးပြတ်ရွေ့လျားမှုကြောင့် မြေသားပြင်းထန်စွာတုန်ခါခြင်း ဖြင့် ငလျင်လှုပ်ခြင်းကိုဖြစ်ပေါ်စေသည်။
#ငလျင် #စိုးရိမ် #မအူပင် #အိမ်အပြင်ထွက်နေ #Ayeyarwaddy_Times