ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ ဇွန်လ ၈ ရက်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီ၏ ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဗိုလ်မှူးတစ်ဦးနှင့် စစ်ကောင်စီခန့် ဗောဓိကွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၇ ရက်နေ့ ၊ နေ့လယ် ၁ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်းဦးနှင့် အုပ်ချုပ်ရေးမှူးသူရတို့ ဆိုင်ကယ်မောင်းလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးစလုံးသည် ဆေးရုံသို့အရောက်တွင် သေဆုံးခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။
“သူတို့နှစ်ဦးစလုံး သွားလေ့သွားထရှိတဲ့နေရာကို အချိန်ယူစောင့်ကြည့်ပြီး ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီဘက်က အခုလိုသတ်ခံရတာကြောင့် ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့သိရတယ်” ဟု ပဲခူးတိုင်း PDF သတင်း ပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်မှ အင်အား ၄၀ ကျော် ဝန်းကျင်သည် ဓူတင်ကုန်းတောရကျောင်းအနီးမှနေ၍ စစ်တောင်းမြစ်ကမ်းနံဘေး ရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီသည် ဗိုလ်မှူးနေလင်းဦးနှင့် အုပ်ချုပ်ရေးမှူးသူရတို့ ပစ်သတ်ခံရ၍ သေဆုံးသည့် သတင်းကို ဖုံးဖိထားကြောင်း သိရသည်။
ထို့ပြင် မေလ ၃၁ ရက်နေ့ကလည်း တောင်ငူအခြေစိုက် အမှတ် ၁၀၁၅ လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီးရဲနိုင် ဆိုင်ကယ်မောင်းနှင်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ သေဆုံးခဲ့သည်။
#ပဲခူးတိုင်း #ကျောက်တံခါးမြို့နယ် #စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် #ဗိုလ်မှူး #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #Ayeyarwaddy_Times