ဧရာ၀တီတိုင်းမ်
ဇွန်လ ၇ ရက်
စစ်ကောင်စီဘက်မှ အမျိုးသားရေးလှုပ်ရှားသူ ဒေါ်လီလီနိုင်ကျော်ကိုသတ်ဖြတ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံထားရသည့် ကိုကောင်းဇာနည်ဟိန်း၏ မိသားစု၀င်များကို ပျူစောထီးအဖွဲ့ဝင်ဆိုသူများက ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့တွင် အိမ်ထဲသို့၀င်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ဇွန် ၆ ရက်နေ့ ညပိုင်းအချိန်က ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အောင်သစ္စာစာသင်တိုက်အနီးရှိ မိဘမေတ္တာမူကြိုစာ သင်ဝိုင်း စွပ်စွဲဖမ်းဆီးခံရသူ၏မိခင်နေအိမ်အတွင်း သို့၀င်ရောက်၍ အမျိုးသမီးနှစ်ဦးကို လူတစ်စုမှ ကားဖြင့်ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်သည်။
“မူကြိုသင်၊ ကျူရှင်သင်ပေးတဲ့ အိမ်ပါ။ ကားတစ်စီးနဲ့ လူတွေရောက်လာပြီး အိမ်ထဲ ပြေး၀င်သွားပြီး သေနတ်သံတွေကြားရတာ။ နောက်ပြန်မောင်းပြီး ထွက်သွား ကြတာ။ အေးအေးဆေးဆေးပဲ ပြာယာခတ်နေတာမျိုးမရှိဘူး။ ခဏကြာတော့ ရဲတွေ၊ စစ်သား (စစ်ကောင်စီတပ်သား)တွေ ရောက်လာတယ်။ ဖမ်းခံရတဲ့ကောင်လေးရဲ့ အိမ်ပါ” ဟု အနီးပတ်၀န်းကျင်ရှိ နေထိုင်သူများက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်က စစ်တပ်အားပေးထောက်ခံသူ၊ အမျိုးသားရေးလှုပ်ရှားသူဟု လူသိများသည့် ဒေါ်လီလီနိုင်ကျော်ကို ပစ်ခတ်လုပ်ကြံခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဇွန်လ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကိုကောင်းဇာနည်ဟိန်း(ခ)လပြည့်၏ မိခင်ဒေါ်သဲမာလာ၀င်းနှင့် အစ်မဖြစ်သူမဆောင်းသဇင်ဦးတို့ကို စစ်ကောင်စီက လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသည့် ပျူစောထီးအဖွဲ့၀င် လေး ဦးက သေနတ်ဖြင့် ၀င်ရောက်ပစ် ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားရေးလှုပ်ရှားသူ ဦးတင့်လွင်နှင့် ဒေါ်လီလီနိုင်ကျော်တို့ သေဆုံးပြီးနောက် အမျိုးသားရေးလှုပ် ရှားသူများနှင့် မဘသအဖွဲ့၀င် ပျူစောထီးများမှ လက်တုံ့ပြန် လက်စားချေရန် လှုမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့်ရေးသားထားကြသလို စစ်တပ် ထောက်ခံအားပေးသည့် သတင်းချန်နယ်များမှလည်း တော်လှန်ရေးကို အားပေးသူများကို ဖမ်းဆီးသတ်ဖြတ်ရန် ရေးသားဖော်ပြမှုများ ရှိခဲ့သည်။
ထို့ပြင် အမျိုးသားရေးလှုပ်ရှားသူများက လက်နက်တပ်ဆင်၍ ပြည်သူ့စစ်ဖွဲ့ပေးရန်နှင့် အကာအကွယ်ပေးရန် စစ်ကောင်စီထံ တောင်းဆိုမှုများရှိသည်။
#အမျိုးသားရေးလှုပ်ရှားသူ #ဒေါ်လီလီနိုင်ကျော် #စွပ်စွဲ #မိသားစု #ပျူစောထီးအဖွဲ့ #ပစ်ခတ်သတ်ဖြတ် #Ayeyarwaddy_Times