ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ ‌ဇွန်လ ၇ ရက်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ နေရာ ငါးခုအား ဇွန်လ ၆ ရက်နေ့ နံနက်အစောပိုင်းတွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် ထိခိုက်သေဆုံးနိုင်ကြောင်း သိရသည်။

တိုက်ခိုက်မှုအား နတ်သံကွင်းရဲစခန်း၊ နတ်သံကွင်းတံတား အရှေ့ကင်း၊ အနောက်ကင်း၊ ဘုံသရောရွာ၊ ရေတွင်းကုန်းရွာ အနီးရှိ စစ်ကောင်စီစခန်း စသည့်နေရာများအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတားအားဖြိုချဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီမှ လေကြောင်းဖြင့် မနက်ပိုင်းတွင်တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီဘက်က ဗျူဟာမှူးတစ်ဦးနဲ့ဗိုလ်ကြီးတစ်ဦးသေတယ်လို့ သတင်းကြားတယ်။ တိုက်ပွဲအစောပိုင်း သေသေချင်းမှာပဲ သူတို့ကအလောင်းကိုပြန်သယ်သွားတယ်ဆိုပြီး သိရတယ်။ အတည်တော့မပြုနိုင်ဘူး။ စစ်ကောင်စီဘက်ကတော့ ထိခိုက်ဒဏ်ရာရတာတွေလည်း တော်တော်များတယ်လို့ သိရတယ်။ ကနဦးသိရတာကကို ၃၀ကျော်ပါတယ်။ ဖြူးမြို့နယ်ဆေးရုံ အရေးပေါ်ခန်းမှာ ဒဏ်ရာရသူတွေအပြည့်ပဲလို့သိရတယ်” ဟု အသက် ၃၀ ဝန်းကျင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည် ။

ထိတွေ့တိုက်ပွဲပြီးနောက်စစ်ကောင်စီမှ နတ်သံကွင်းရဲစခန်းနှင့် တိုက်ခိုက်ခံရသည့် အနီးပါတ်ဝန်းကျင်နေရာများအား အင်အားအများအပြားတိုးချထားပြီး ညနေပိုင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများရှိပြီး ဒေသခံ၁၅၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရကြောင်းလည်း သိရသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်း တပ်ခွဲ ၂ တော်လှန်ရေးရဲဘော် သုံးဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိကာ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော်တစ်ဦးလည်း သေဆုံးခဲ့ရကြောင်း အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်း ထုတ်ပြန်ချက်အရသိရသည်။

“ဒီတိုက်ပွဲက နှစ်ဖက်လုံး အကျအဆုံးများတယ်။ PDF ဘက်က လေးယောက်ကျပြီး KNLAတပ်ဖွဲ့ဝင်တွေလဲကျတယ်လို့သိရတယ်။ အဓိကရည်ရွယ်တဲ့စစ်ဆင်ရေးတော့ အောင်မြင်ခဲ့တယ်။ စစ်ကောင်စီရဲ့အဓိကထောက်ပို့ လမ်းကြောင်းကိုဖျက်ဆီးနိုင်ခဲ့တယ်။ တံတားကတော့တော်တော်ပျက်စီးသွားတဲ့အတွက် ပြင်ဆင်ဖို့ခက်ခဲနိုင်တယ်” ဟု အဆိုပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ထပ်မံပြောကြားသည်။

အဆိုပါတိုက်ပွဲအတွင်း KNLA တပ်မဟာ ၃၊ တပ်မဟာ ၅ နယ်မြေများသို့ စစ်ကောင်စီမှ အရေးပါသည့် ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေသည့် နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတားနှင့် ပဲနွယ်ကုန်းတံတား နှစ်စင်းအား ဖြတ်တောက်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ MA4 သေနတ်တစ်လက်၊ MA3 သေနတ်တစ်လက်၊ MA 1သေနတ်တစ်လက်၊ M14 မိုင်း ၆၀ လုံး၊ ကျည်ဘောက်များ၊ ကျည်တောင့်များနှင့် စစ်ဘက်သုံးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများ၊ ဖျက်ဆီးခဲ့သည့် နတ်သံကွင်းတံတား။
#ကျောက်ကြီး #နတ်သံကွင်း #KNLA #PDF #တိုက်ပွဲ #Ayeyarwaddy_Times