ဧရာဝတီတိုင်းမ်
ပုဂံ ၊ ဇွန်လ ၇ ရက်
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ နှစ်ထောင်ကျော်သက်တမ်းရှိ ဗူးဘုရားမှာ ယမန်နေ့ည ၉ နာရီခွဲခန့်က မိုးကြိုးထိမှန်ကာ ပျက်စီးမှုများရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနအသိုင်းအဝိုင်းမှသိရှိရသည်။
ယမန်နေ့ (ဇွန်လ ၆ ရက်) ည ၉:၃၀ နာရီကျော်ခန့်တွင် ပုဂံဒေသ၌ မိနစ် ၂၀ ခန့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဧရာဝတီမြစ်ကမ်းနဖူးရှိ စေတီပုထိုးအမှတ် ၁၆၅၇/၉၆၁ ဗူးဘုရားမှာ မိုးကြိုးထိမှန်ခဲ့သဖြင့် စေတီပေါ်တွင် တလက်မခွဲခန့် အပေါက်နှစ်ခု ဖြစ်ပေါ်ခဲ့သည့်အပြင် ဆန်ကာကွက်ကဲ့သို့ အရာထင်ခြင်း၊ စိန်ဖူးတော်အောက်ခံ ကြာဖတ်ပဲ့သွားခြင်း၊ ငှက်ပျောဖူးကြာဖတ်ထိပ်ပိုင်း ခြောက်လက်မခန့် ပဲ့သွားခြင်း၊ ထီးတော်ပတ်လည်ရှိ ကြေးခေါင်းလောင်းများ မည်းသွားခြင်းစသည့် ပျက်စီးမှုများရှိခဲ့သည်ဟု သိရသည်။
ထိုထိခိုက်မှုများအနက် စေတီပေါ်ရှိ တလက်မခွဲခန့် အပေါက်များမှတဆင့် မိုးရေဝင်ကာ စေတီပျက်စီးမှု ပိုမိုဆိုးရွားလာနိုင်သဖြင့် ယနေ့ ဇွန်လ ၇ ရက်နေ့မှစတင် ကာ ပြုပြင်မည်ဖြစ်ပြီး ပြုပြင်မှုပြီးစီးရန်အချိန် တစ်ပတ်ကြာမည်ဟု ရှေးဟောင်းသုတေသန ဌာနထံက သိရသည်။
ယခုကဲ့သို့ ဗူးဘုရား မိုးကြိုးပစ်ခံရခြင်းနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနပညာရှင် ဦးဇေမျိုးလင်းက “မနေ့က ပုဂံမှာ မိုးကြိုးတွေပစ်သတဲ့။ ဗူးဘုရားကို ထိသတဲ့။ မိုးကြိုးပစ်ခံရလို့ ဖြစ်တဲ့ ဒဏ်ရာကိုခုမှတွေ့ဖူးတယ်။ ၁၉၈၀-၉၀ ဝန်းကျင်အထိက ပုဂံဘုရားတွေမှာ မိုးကြိုးလွှဲစနစ်တွေ တပ်ခဲ့ကြဖူးတယ်။ ဘုရားတိုင်းတာရေးတွေလုပ်တုန်းက မင်္ဂလာစေတီမှာ မိုးကြိုးလွှဲကြေးပြားချောင်းတွေ့ဖူးတယ်။ နောက်ပိုင်းကြေးချောင်းတွေဖြုတ်ပြီး ရောင်းစားကြသတဲ့လေ။ နောက်ပိုင်း ဂေါပကနဲ့ ရှေး/သု ဌာနကတော့ လက်ဝါးကာပြရုံနဲ့ မိုးကြိုးမပစ်ရဲလောက်အောင်စွမ်းတယ်ထင်တယ်။ မိုးကြိုးလွှဲတွေမတပ်ကြတော့ဘူး” ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
ဗူးဘုရားကို ပုဂံနန်းစံ တတိယမြောက်ဘုရင် ပျူစောထီး တည်ခဲ့ပြီးပျူစောထီးဘုရင်သည် ပြည်သူများကို ဒုက္ခပေးနေသော ရှူးပျံ၊ ဝက်၊ ဗူး၊ ကျားနှင့် ငှက်တို့ကို နှိမ်နင်းခဲ့ကာ ဗူးပင် ဗူးနွယ် ဗူးချုံများကို ရှင်းလင်းသုတ်သင်အောင်မြင်သောနေရာတွင် တည်ထားကိုးကွယ်ထားခြင်းကြောင့် ဗူးဘုရားဟု ခေါ်တွင်နေခြင်းဖြစ်သည်ဟု အစဉ်အလာအားဖြင့် ယုံကြည်ကြသည်။
ပုံ – Ko Min Min Oo ( Bagan )နှင့် CJ
#ပုဂံ #ဗူးဘုရား #မိုးကြိုးပစ် #ပျူစောထီး
#Ayeyarwaddy_Times