ဧရာ၀တီတိုင်းမ်
ဇွန်လ ၇ ရက်
အာဏာသိမ်း စစ်အုပ်စုကို တော်လှန်နေသည့် မြန်မာ့နွေဦးတော်လှန်ရေး၏အချိန်ကာလ ၂ နှစ်ကျော်လာချိန်တွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် လူဦးရေအများဆုံးဖြစ်သည့် ဧရာ၀တီတိုင်းဒေသကြီးကို အခြေပြု၍ ဧရာ၀တီ ပြည်နယ် ဖက်ဒရယ်ကောင်စီ – AYYSFC ဟူသည့် နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက ပေါ်ပေါက်လာခဲ့သည်။
ဗမာတိုင်းရင်းသားအများစုအပါအဝင် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်သည့် ဧရာ၀တီတိုင်းမှ ဧရာ၀တီ ပြည်နယ်ဖက်ဒရယ်ကောင်စီ (AYYSFC) ပေါ်ပေါက်လာမှုအပေါ် နိုင်ငံရေးအင်အားစုများက အထူးစိတ်ဝင်တစား ရှိခဲ့ကြသည်။
အာဏာသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှု နည်းပါးနေသဖြင့် ကျေနပ်အားရမှု မရှိသည့် ဧရာ၀တီတိုင်းမှ ပြည်သူတချို့က ဧရာ၀တီပြည်နယ်ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းမှုအပေါ် ကြိုဆိုကြပြီး စစ်ကောင်စီကို အမြစ်ပြတ်ဖြုတ်ချ တိုက်ခိုက်ရန် တောင်းဆိုမှုများလည်း ရှိခဲ့သည်။
မြန်မာနိုင်ငံ၏စပါးကျီဖြစ်ပြီး ပထဝီအနေအထားအရ အရေးပါလှသည့် ဧရာ၀တီဒေသကိုအခြေပြုပေါ်ပေါက် လာသော ဧရာ၀တီပြည်နယ် ဖက်ဒရယ်ကောင်စီ၏ နိုင်ငံရေးဆိုင်ရာ မူဝါဒ၊ ရည်မှန်းချက်နှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သတ်၍ ကောင်စီအတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးထံ ဧရာ၀တီတိုင်းမ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
မေး – ဧရာ၀တီပြည်နယ် ဖက်ဒရယ်ကောင်စီကို ဘာကြောင့် ဖွဲ့စည်းတာပါလဲ။ ဘာရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းတာပါလဲ။
ဖြေ – ကျွန်တော်တို့က ဒီဖက်ဒရယ်ကောင်စီလို့ ဘာဖြစ်လို့ဖွဲ့ရသလဲဆိုရင် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီမှာ စစ်တပ် ကလက်နက်အားကိုပြီး တိုင်းပြည်ကို မတရား အာဏာသိမ်းတယ်။ ဒါကို လက်မခံနိုင်ဘူး။ အဲတော့ အာဏာရှင်စနစ်အားလုံး ဖျက်သိမ်းရေးအတွက် ဧရာ၀တီပြည်နယ် ဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းတာ ဖြစ်တယ်။ ဒါက နာပါတ်တစ် ရည်ရွယ်ချက်ပါ။ နောက်တစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံသည် ဖက်ဒရယ်စနစ်ကိုသွားဖို့အတွက် အဟန့်အတား၊ အနှောက်အယှက်ဖြစ်တယ်။ ၂၀၀၈ နဲ့ဘဲ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကို အနိုင်ကျင့်တယ်။ ပြီးတော့ ဒီ ၂၀၀၈ ကိုပဲ အခြေခံပြီး အာဏာသိမ်းတယ်။ ဒါကြောင့် ၂၀၀၈ ကို ဖျက်သိမ်းရမယ်။ ဒါကနံပါတ် (၂) ရည်ရွယ်ချက် ဖြစ်တယ်။ နောက်နံပါတ် (၃) အချက်က တိုင်းရင်းသားတန်းတူညီမျှစွာ အခွင့်အရေး ရရှိရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် တည်ဆောက်ရေးအတွက်ဖြစ်တယ်။ ဒါတွေကိုရဖို့ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။
မေး – ဧရာဝတီပြည်နယ်လို့ ဘာဖြစ်လို့ခေါ်ရတာလဲ။
ဖြေ – ပထမက အမျိုးသားများပြည်နယ်လို့ ဒီလိုသုံးနှုံးခဲ့ဖူးပါတယ်။ ဒါပေမယ့် အမျိုးသားပြည်နယ်ဆိုရင် အဓိပ္ပါယ်ကတစ်မျိုး ဖြစ်နေတယ်။ နောက်ပြီးတော့ ဧရာဝတီဆိုတာ လူမျိုးတမျိုးတည်းနေတာ မဟုက်ဘူး။ ကရင်၊ ဗမာ၊ ရခိုင်၊ ချင်းနဲ့ တခြားလူးမျိုးတွေ စုပေါင်းနေတာဖြစ်တယ်။ တချိန်တုန်းကဆို ဒီဒေသတွေက မွန်တွေ အုပ်ချုပ်ခဲ့တာဖြစ်တယ်။ ထူးခြားချက်အနေနဲ့က ကရင်ပြည်နယ်မှာရှိတဲ့ ကရင်လူဦးရေနဲ့ ဧရာဝတီမှာ ရှိတဲ့ ကရင်ဦးရေ ဘယ်သူပိုများလဲဆိုရင် ဧရာဝတီက ပိုများတယ်။
နောက်တခုက ဧရာဝတီအနေနဲ့ ထူးခြားတာရှိတယ်။ ဥပမာ – ဖထီးမန်းဂျော်နီ ဝန်ကြီးချုပ်ဖြစ်လာတယ်။ ဘယ်သူမှ ကရင်ဖြစ်လို့ နိုင်ငံရေးထိုးနှက်ချက်၊ လူမျိုးရေးထိုးနှက်ချက် မရှိဘူး။ “မန်းဂျော်နီသည် ငါတို့ဝန်ကြီးချုပ်ပဲ”ဆိုပြီး တန်းဖိုးထားတယ်။ ဒါက ဧရာဝတီရဲ့ ဝိသေသပဲ။ အဲလိုမျိုး ကောင်းမွန်တဲ့ အခြေခံတွေရှိနေတာကို အမျိုးသားလို့သုံးလိုက်ရင် ဟိုဘက်လိုက်သလို ဒီဘက်လိုက်သလို သို့လောသို့လော ဖြစ်လာနိုင်ပါတယ်။
နောက်တခုက ကျွန်တော်တို့ဒေသမှာ အမှတ်သင်ကေတခုကို အစွဲပြုပေးမယ်ဆိုလည်း အစွဲပြုစရာက ခက်တယ်။ မြစ်ဝကျွန်းပေါ်မလို့ မြစ်ဝကျွန်းပေါ်ပြည်နယ်လား။ ဥပမာ ကရင်ပြည်နယ်လို ဇွဲကပင်ရှိလို့ ဇွဲကပင်ပြည်နယ်ဆိုလည်းတမျိုး ပေါ့၊ ဆိုကြပါဆို့ မွန်ဆိုရင် ရာမညပြည်နယ်ပေါ့။ အဲလိုနာမည်တွေပေးဖို့က အဆင်မပြေဘူး။ အဲလိုတွေရှိတော့ လက်ရှိလည်း လူတိုင်းအဆင်ပြေနေတဲ့ ဧရာဝတီတိုင်းကို ဧရာဝတီပြည်နယ် လို့ ခေါ်ခြင်း ဖြစ်တယ်။
မေး – တိုင်းနှင့်ပြည်နယ်တွေမှာ တိုင်းဆို ဗမာတွေနေတာ၊ ပြည်နယ်ဆိုတာ တိုင်းရင်းသားတွေ နေတာဆိပြီး လုပ်ထားသလို ဖြစ်နေတယ်။ နောက်ပြီး တိုင်းဆို ပြည်နယ်တွေထက် နည်းနည်းပိုပြီး အဆင့်မြင့်သလိုလို၊ ဆုံးဖြတ်ခွင့်ရှိသလိုလို ဉီးဆောင်ရမဲ့သူလိုလိုဖြစ်နေတယ်။ အဲတော့ အခုလို ဧရာ၀တီပြည်နယ်လို့ခေါ်လိုက်တဲ့ အပေါ်မှာ ဘာတွေ ဖြစ်လာနိုင်လဲ။
ဖြေ – အဲဒါက ခေတ်အဆက်ဆက် အာဏာရှင်တွေသုံးခဲ့တဲ့ လက်သုံးစကား၊ လူမျိုးကြီးစိတ်ဖြစ်အောင်၊ ဗမာလူမျိုးကြီးဝါဒဖော်ဆောင်တဲ့နည်းလမ်းပါ။ အာဏာရှင်တွေက အဲဒါကိုအသုံးချပြီး အာဏာရှင်လုပ်ခဲ့တာကို မြင်တတ်ဖို့လိုတယ်။ အဲဒါကိုခြေဖျက်နိုင်ဖို့ လိုပါတယ်။ ပြည်နယ်လို့သုံးလိုက်ရင် တဆင့်နိမ့်သွားသလိုလို ဘာလိုလို ခံစားရအောင်လုပ်ထားတာဖြစ်တယ်။ တကယ်တော့ အဲ့ဒါတွေက တံလျပ်ကို ရေထင်အောင် လုပ်ထားတာ ဖြစ်တယ်။ ပြည်နယ်ပဲခေါ်ခေါ် တိုင်းပဲခေါ်ခေါ် အဲ့နာမည်တွေက အရေးမကြီးပါဘူး။ အရေးကြီးတာက အားလုံးတန်းတူညီမျှမှုရှိဖို့ လိုတာဖြစ်တယ်။
အဲ့မှာပြောချင်တာက ပြည်နယ်တွေမှာ တိုင်းရင်းသားတွေနေတယ်ဆိုရင် ဗမာက တိုင်းရင်းသား မဟုက်ဘူးလား။ ဥပမာ – ဗမာတယောက်က မင်းတို့တိုင်းရင်းသာတွေကိုလည်း အခွင့်အရေးပေးပါတယ်ဆိုတဲ့ စကားမျိုးသုံးရင် ရည်ရွယ်ချက်က ဆက်ဆံရေးကောင်းမွန်ဖို့သုံးတဲ့စကား ဖြစ်ချင်ဖြစ်နိုင်တယ်။ သို့သော် အဲ့လို တိုင်းရင်းသားလို့ သုံးလိုက်ရင် ဗမာ မပါသလို ဖြစ်နေတယ်။ ဗမာတွေအိမ်မှာ တိုင်းရင်းသာတွေက ကပ်နေရသလို ဖြစ်နေတယ်။ ဗမာတွေအခွင့်အရေးပေးမှ တိုင်းရင်းသားဆိုတဲ့သူတွေက အခွင့်အရေးရမယ်ဆိုတဲ့သဘောမျိုး ဖြစ်နေတယ်။ တကယ်ဆို ဗမာဟာလည်း ဒီနိုင်ငံရဲ့ တိုင်းရင်းသားတစ်မျိုးပါပဲ။ ဗမာတိုင်းရင်းသားပေါ့။ ကျန်တဲ့တိုင်းရင်းသား များအားလုံးနဲ့ အတူတူပါပဲ။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ်ဆို တိုင်းရင်းသားအားလုံး တန်းတူညီမျှဖြစ်ဖို့ လိုတယ်။ ဒါကြောင့် ဧရာ၀တီပြည်နယ်ဆိုတဲ့နာမည်ဟာ တိုင်းရင်းသားအားလုံး တန်းတူညီမျှ ဖက်ဒရယ်ကို ဖော်ဆောင်ဖို့အတွက် အသုံးပြုတဲ့နာမည် ဖြစ်ပါတယ်။
မေး – ဧရာဝတီပြည်နယ်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ အခြေခံမူတွေက ဘာတွေလဲ။
ဖြေ – ဧရာ၀တီပြည်နယ်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးရည်မှန်းချက်က ပြည်နယ်အတွင်းမှာ အချုပ်အခြာအာဏာ အပြည့်အဝရှိပြီး ဒီမိုကရေစီ အခွင့်အရေး၊ အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စုတည်ဆောက်ဖို့ ဖြစ်ပါတယ်။
အခြေခံမူတွေက နံပါတ် (၁) ပြည်နယ်အချုပ်အခြာအာဏာဟာ ပြည်နယ်အတွင်း နေထိုင်တဲ့ တိုင်းရင်းသား ပြည်သူလူထုရဲ့ လက်ဝယ်တွင်ရှိရမယ်၊ နံပါတ် (၂) ပြည်နယ်အတွင်းနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးများသည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ တန်းတူအခွင့်အရေး ရှိရမှာဖြစ်တယ်။ နံပါတ် (၃) အသားအရောင်၊ ကျား/မ၊ လိင်ခွဲခြားဆက်ဆံမှုမရှိစေဘဲ တန်းတူအခွင့်အရေး ရှိရမည်။ နံပါတ် (၄) ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးတိုင်း၊ ပြည်သူလူထုတိုင်း လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် ရှိရမည်။ နံပါတ် (၅) တိုင်းရင်းသားလူမျိုးတိုင်း မိမိတို့၏စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့်အမျိုးသားရေး လက္ခဏာရပ် များကို ထိန်းသိမ်းကာကွယ်၊ မြှင့်တင်ခွင့်ရှိရမယ်စတဲ့ အခြေခံမူတွေ ချမှတ်ထားပါတယ်။ ဒီအခြေခံမူတွေဟာ ဧရာ၀တီပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူအားလုံးရဲ့အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ဖို့အတွက် ချမှတ်ပြီး အကောင်အထည်ဖော်မယ့် မူဝါဒတွေ ဖြစ်ပါတယ်။
မေး – ဧရာ၀တီပြည်နယ် ဖက်ဒရယ်ကောင်စီမှာ ဘယ်သူတွေ ပါဝင်ပါသလဲ။ ဟိုလူမပါဘူး၊ ဒီလူမပါဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ကြားရပါတယ်။ အဲဒါနဲ့ပတ်သတ်ပြီး ဘာပြောချင်သလဲ။
ဖြေ – အဲဒါဆိုပြန်မေးရမှာက ဘယ်သူပါမှ လုပ်လို့ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိသလားလို့ ကျွန်တော်ပြန်မေးချင် ပါတယ်။ သတ်မှတ်ချက်ရှိရင်လည်း ပြောစေချင်ပါတယ်။ အခုက ဧရာဝတီပြည်နယ်ဖက်ဒရယ်ကောင်စီမှာ ကဏ္ဍအလိုက် ပါဝင်မှုရှိတဲ့ စနစ်နဲ့သွားပါတယ်။
ပါဝင်တဲ့အစုအဖွဲ့တွေက နံပါတ် (၁) နိုင်ငံရေးပါတီအစုအဖွဲ့တွေ၊ နံပါတ် (၂) တိုင်းရင်းသားလူမျိုးများအစုအဖွဲ့၊ နံပါတ် (၃) တော်လှန်ရေး အင်အားစုအစုအဖွဲ့တွေ၊ နံပါတ် (၄) ပြင်ပအင်အားစုအစုအဖွဲ့၊ နံပါတ် (၅) ဒေသတွင်း ခရိုင်၊ မြို့နယ်အစုအဖွဲ့၊ နံပါတ် (၆) အမျိုးသမီး၊ လူငယ် အင်အားစု အစုအဖွဲ့၊ နံပါတ် (၇) တိုင်းရင်းသား စာပေ ယဉ်ကျေးမှုအစုအဖွဲ့၊ နံပါတ် (၈) ပါဝင်သင့်၊ ပါဝင်ထိုက်သောပုဂ္ဂိုလ်များ၊ နံပါတ် (၉) အခြားသောအစုအဖွဲ့ ဆိုပြီးပါဝင်ပါတယ်။ ဒါတွေက တော်လှန်ရေးကာလအတွက်ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးပြီးရင် ပြည်နယ်သားတွေ သဘောတူထားတဲ့ ပြည်နယ်ဖွဲ့စည်းပုံပြဌာန်းချက်တွေနဲ့ပဲ သွားရမှာဖြစ်တယ်။
မေး – ဧရာဝတီပြည်နယ်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေရော ရေးဆွဲထားတာ ရှိပါသျလား။
ဖြေ – မြန်မာနိုင်ငံဟာ နောင်တချိန်မှာ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုအဆင့်ကို သွားမှာဖြစ်တယ်လို့ ယုံကြည်ကြတဲ့ ဧရာ၀တီတိုင်းက ဖက်ဒရယ်အင်အားစုတွေက တိုင်းရင်းသားတော်လှန်ရေးအင်အားစု – EROs တွေနဲ့ပေါင်းပြီး ၂၀၁၃ ခုနှစ်ကတည်းက ရေးဆွဲထားတဲ့ ဧရာ၀တီဖွဲ့စည်းပုံ (မူကြမ်း) ရှိပါတယ်။ ဒီဖွဲ့စည်းပုံ (မူကြမ်း) ကို အခြေခံပြီး ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်ပြီးရေးဆွဲဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ဒေသ ကောင်းကျိုးလိုလားတဲ့ တိုင်းရင်းသားလူမျိုးစုအသီးသီးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဧရာ၀တီပြည်နယ်ဖွဲ့စည်းပုံကို ပြန်ဆွဲနေပါတယ်။
မေး – ဧရ၀တီကောင်စီအနေနဲ့ ကိုယ့်ဒေသကို ပြန်လည်သိမ်းပိုက်ပြီး စစ်အာဏာရှင်စနစ် ဖြုတ်ချဖို့အတွက် စစ်ရေးရည်မှန်းချက်တွေ ရှိပါသလား။
ဖြေ – ဧရာ၀တီပြည်နယ် ဖက်ဒရယ်ကောင်စီအနေနဲ့ စစ်ရေးရည်မှန်းချက်တွေကို စနစ်တကျ ပြင်ဆင် ထားပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ထဲမှာကိုက ဧရာ၀တီဒေသကို စစ်အာဏာရှင်စနစ် အောက်က လွတ်မြောက်စေဖို့နဲ့ ဧရာ၀တီတိုင်းက ပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အ၀ ရရှိဖို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေကို နိုင်ငံရေးနည်းလမ်းရော စစ်ရေးနည်းလမ်းတွေနဲ့ပါ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ စစ်ရေးရည်မှန်းချက်အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းထားရှိပြီးလည်း ဖြစ်ပါတယ်။ အခုချိန်မှာ အသေးစိတ် ထုတ်ဖော်ပြောလို့ မရသေးတဲ့အတွက် ကျွန်တော်တို့ မပြောနိုင်သေးတာ ပြည်သူလူထု အနေနဲ့ နားလည်မယ်ထင်ပါတယ်။
ပြောနိုင်တာတစ်ခုကတော့ ကျွန်တော်တို့ ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေသည် တော်လှန်ရေး အောင်မြင်ချိန်မှာ ဖက်ဒရယ်ပြည်ထောင်စုတပ်ဖွဲ့တွေ ဖြစ်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး မူဝါဒ ချမှတ်ထားပါတယ်။
မေး – ဗမာပြည်နယ်ဖွဲ့စည်းရေးကို ဘယ်လိုမြင်လဲ။ ဟိုတုန်းက နိုင်ငံရေးအင်အားစုတွေ ဆွေးနွေးကြတဲ့ ၈ ပြည်နယ်မူဆိုတာမျိုးပေါ့။ အဲ့အပေါ် ဘယ်လိုမြင်သလဲ။
ဖြေ – ကျွန်တော်စိတ်ထဲရှိတာပြောရရင် ဘယ်လိုမှမမြင်ပါဘူး။ ဘာဖြစ်လို့ပြောရသလဲဆိုရင် အဲဒီခေတ် အဲဒီ အချိန်အခါ အခြေအနေတွေကြောင့်လို့ပဲ မြင်ပါတယ်။ အခုချိန်မှာ တိုင်း (၇) တိုင်းပေါင်းပြီး ဗမာပြည်နယ် ဖွဲ့စည်းမယ်လို့ပြောရင် အရင်ဆုံးအဲဒီမှာရှိနေတဲ့ ပြည်သူတွေကို မေးကြည့်ပါ။ လက်ခံမလားလို့။ လက်ခံတယ်ဆိုရင် လုပ်ပါ။ ပြည်သူက လက်ခံရင် လက်ခံရပါမယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီဒေသတစ်ခုချင်းဆီမှာ အလေ့အကျင့်တွေ၊ အပြုအမူတွေ၊ နေထိုင်ပုံတွေ မတူပါဘူး။ အဲဒီတော့လက်ရှိ ဒေသတွေကို ၁၄ ပြည်နယ်ကပိုပြီး သဘာဝကျပါတယ်။ ၁၄ ပြည်နယ်ထက်လည်း ပိုသွားနိုင် ပါတယ်။ ဒါကိုလက်ခံရပါမယ်။ ၈ ပြည်နယ်မူဆိုတာ ဖက်ဒရယ်သဘောတရား အနှစ်သာရဖြစ်သည့်အတွက် အယူအဆကို လက်ခံသဘောတူပါတယ်။ သို့သော် ပြည်နယ် ၂၀ ဖြစ်သွားလည်း လက်ခံရပါမယ်။ အဲဒီပြည်နယ်တွေ စုပေါင်းထားတဲ့ပြည်နယ်ပေါင်းစုပြည်ထောင်စုကို သွားရမှာဖြစ်ပါတယ်။
(ဧရာ၀တီပြည်နယ် ဖက်ဒရယ်ကောင်စီနှင့်အင်တာဗျူး အပိုင်း – ၂ ကို ဆက်လက်ဖော်ပြပါမည်။)
#ဧရာ၀တီပြည်နယ် #ဖက်ဒရယ်ကောင်စီ #အင်တာဗျူး #Ayeyarwaddy_Times