နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၇ ရက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏လက်အောက်ခံ ပျူစောထီးများအား စစ်ရေးလေ့ကျင့်ပေးနေသည့် အမှတ်(၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF ထံက သိရသည်။

အဆိုပါ အမှတ်(၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၁၀)ကို ယမန်နေ့ ဇွန်လ ၆ ရက်၊ နေ့လယ် ၂ နာရီ ၄၁ မိနစ်ခန့်က ၁၀၇-မမ ရှော့တိုက်ဒုံး တစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ဒဏ်ရာအများအပြား ရရှိနိုင်ပြီး သေဆုံးမှုများ ရှိနိုင်သည်ဟု စောင့်ကြည့်ကင်းထောက်များထံက သိရှိရကြောင်း Danger Force LPDF က ထုတ်ပြန်သည်။

“အဖွဲ့တည်ထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်ရော၊ ကျဆုံးရဲဘော်တွေ အတွက်ရော ရည်ရွယ်ပြီး မစ်ရှင်လုပ်ဆောင်ခဲ့တာပါ။ ထိခိုက်သေဆုံးတယ်ပဲ သတင်းရပါတယ်။ အတိကျ မရသေးပါဘူး“ ဟု Danger Force LPDF တာဝန်ခံ ဗိုလ်မောင်းလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဘက်က လက်နက်ကြီး ခြောက်လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Danger Force LPDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

“အဲဒီတပ်က စစ်သား၊ ရဲ၊ ပျူစောထီးတို့ကို လေ့ကျင့်ပေးတဲ့ တပ်ပါ။ လက်ရှိမှာလည်း စစ်ကြောင်းထိုးနေပါတယ်“ ဟု Danger Force LPDF တာဝန်ခံ ဗိုလ်မောင်းလေးက ဆိုသည်။

လက်ရှိတွင် အရာတော်မြို့နယ်ရှိ ကျောက်ပျောက်ကျေးရွာသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ရောက်ရှိနေကြောင်း ဗိုလ်မောင်းလေးထံက သိရသည်။

ယင်းစစ်ဆင်ရေးကို Danger Force LPDF နှင့် မုံရွာခရိုင် တပ်ရင်း(၆)တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- Danger Force LPDF

#စစ်ကိုင်းတိုင်း #အရာတော် #စစ်ကောင်စီတပ်ဖွဲ့ #ပျူစောထီး #စစ်ရေးလေ့ကျင် #စစ်အခြေခံလေ့ကျင့်ရေးတပ်ကောင်စီ #ရှော့တိုက်ဒုံး #တိုက်ခိုက် #Ayeyarwaddy_Times