ဧရာဝတီတိုင်းမ်
ဇွန်လ ၇ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ဗဟိုပြုပြီးအင်အားအနည်းငယ်ရှိသောငလျင်သည် ယနေ့ ဇွန်လ ၇ ရက်နေ့ ညနေ ၄ နာရီ ၂၃ မိနစ်တွင်လှုပ်ခတ်သွားရာ ညောင်တုန်းမြို့အပါအဝင် ရန်ကုန်မြို့အထိဆက်တိုက် လှုပ်ရှားမှုအရှိန် ခံစားရကြောင်း သတင်းရရှိသည်။

မြန်မာပြည်တွင်း ညောင်တုန်းမြို့၏ တောင်- အရှေ့တောင်ဘက် ၅ မိုင်အကွာတွင် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ခတ် သွားကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

“ ငလျင်လှုပ်တာသိလိုက်တယ်။ ညနေက တစ်ခါ၊ အခုတစ်ခါ ၅ နာရီကျော်ကထပ်လှုပ်တယ်။ တော်တော်များများ သတိထားမိကြတယ်” ဟု စမ်းချောင်းတွင်နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အနှံ့အပြားတွင်မြေငလျင်လှုပ်ခတ်မှုကို ညနေ ၄ နာရီ ၂၃ မိနစ်တွင်တစ်ကြိမ်၊ ၅ နာရီ ၂ မိနစ်တွင်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ဆက်တိုက်ခံစားလိုက်ရကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံတွင်ငလျင်အဓိကလှုပ်ခတ်သည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် ကချင်ပြည်နယ် ပူတာအိုအနီးမှစတင်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်းဆင်းလာပြီး စစ်တောင်းမြစ်ဝှမ်းကိုဖြတ်ကာ မုတ္တမ ပင်လယ်ကွေ့ အတွင်းဝင်ရောက်သွားခြင်းဖြစ်သည်။

ကမ္ဘာမြေကြီးအောက်ရှိ ကျောက်လွှာများရုတ်တရုတ်ကျိုးပြတ်ရွေ့လျားမှုကြောင့် မြေသားပြင်းထန်စွာတုန်ခါခြင်း ဖြင့် ငလျင်လှုပ်ခြင်းကိုဖြစ်ပေါ်စေသည်။

အဆိုပါငလျင်လှုတ်ခတ်မှုကြောင့် ပျက်စီဆုံးရှံးမှုများကိုသိရှိနိုင်ခြင်းမရှိသေးပေ။

ဓာတ်ပုံ – မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

#ညောင်တုန်း #ငလျင်လှုပ် #ရန်ကုန်
#Ayeyarwaddy_Times