နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)/ဇွန်လ ၇ ရက်

ဧရာဝတီတိုင်း မအူပင်မြို့နယ် အဝေးပြေး ကားလမ်းမပေါ်မှာ ခရီးသွား ဆိုင်ကယ်များ၊ ကားများကို တားဆီး စစ်ဆေးပြီး ငွေကြေး တောင်းယူနေသော စစ်ကောင်စီ ဂိတ်တချို့ ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

ဖျက်သိမ်းလိုက်သော ဂိတ်များမှာ မအူပင်မြို့မှ ကျိုတ်လတ်မြို့ဘက်သို့ သွားသည့် လမ်းပေါ်က ဂိတ်၊ မအူပင်မြို့အဝင် တံတား ဂိတ်နှင့် မအူပင်မြို့ ဗိုလ်ချုပ် ကြေးရုပ် ရှိသည့် ဂိတ်များ ပါဝင်ကြောင်းလည်း ဒေသခံများက ပြောသည်။

အသက် ၃၀ အရွယ်ရှိ ဒေသခံတစ်ဦး ကလည်း“ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းက စတင်ပိတ်လိုက်တာ အတော်ဆိုးတဲ့ ဂိတ်တွေဗျ။ လာသမျှ ကား၊ ဆိုင်ကယ်တွေကို တားဆီး စစ်ဆေးပြီး ငွေတောင်းနေတဲ့ ဂိတ်တွေပဲ။ မအူပင်မြို့ကနေ ကျိုတ်လတ်မြို့ ဘက် သွားတဲ့ လမ်းပေါ်က ဂိတ်ရယ်၊ မအူပင်မြို့အဝင် တံတားဂိတ်ရယ်၊ နောက်တစ်ခုက မအူပင်မြို့ ဗိုလ်ချုပ်ကြေးရုပ် ရှိတဲ့ ဂိတ်ရယ် ပိတ်လိုက်တာ” ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

အဆိုပါ ဂိတ်များသည် စစ်ကောင်စီ တပ်သား တချို့နှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ရဲများ၊ ပြည်သူ့စစ်များ နှင့် စစ်ကောင်စီ သတင်းပေးများ စောင့်ကြပ် စစ်ဆေးနေသော ဂိတ်များ ဖြစ်သည်ဟုလည်း ဆိုသည်။

“အခုပိတ်လိုက်တဲ့ ဂိတ်တွေက စစ်ကောင်စီ တပ်သား အချို့နဲ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေ၊ ပြည်သူ့စစ်နဲ့ စစ်ကောင်စီက မွေးထားတဲ့ သတင်းပေးတွေရဲ့ လုပ်စားနေကြ နေရာတွေဖြစ်ပြီး ကားတစ်စီးကို အနည်းဆုံး ကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ အထိ ပေးနေရတဲ့ နေရာတွေ၊ ဆိုင်ကယ် စီးလာတဲ့သူတွေကိုလည်း အကြောင်းအမျိုးမျိုးနဲ့ ငွေညှစ်မရရင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်မှုတွေ ရှိတယ်ဆိုပြီး မတရားစွပ်စွဲ အမှုဖွင့်တာတွေ အမြဲလုပ်နေတဲ့ ဂိတ်တွေဖြစ်တယ်” ဟု ရန်ကုန်-မအူပင်-ဖျာပုံ-ကျိုက်လတ် ပြေးဆွဲနေသော ကားလိုင်း ယာဉ်မောင်း တစ်ဦးကလည်း ပြောသည်။

ဧရာဝတီတိုင်း အတွင်း ရန်ကုန်မြို့ကနေ ဝင်ရောက်လာသော ကားလမ်းမပေါ်မှာ မြို့အဝင် မြို့အထွက်များကို စစ်ဆေးနေသည့် အဓိက ဂိတ် ၃ ခုရှိရာမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် အကြောင်း အမျိုးမျိုးပြပြီး ကားလမ်း တလျှောက် ဂိတ် ၁၀ ဂိတ် နီးပါးအထိ ဖွင့်လှစ်ထားကာ ခရီးသွား ပြည်သူများ ဆီက ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

#မအူပင် #အတွင်းရှိ #ခရီးသွားများဆီက #ငွေကြေးတောင်း
#စစ်ကောင်စီဂိတ်တချို့ဖျက်သိမ်း #Ayeyarwaddy_Times