ဧရာဝတီတိုင်းမ်
ဇွန်လ ၇ ရက်

ယာယီရပ်ဆိုင်းထားသည့် ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းဧရိယာတွင် ရွှေတူးဖော်ရေး လုပ်ငန်းများလုပ်ကိုင်နေ၍ ပေ ၂၀၀ ကျော်နက်သည့် ရေအိုင်ကြီးများ ဖြစ်ပေါ်နေပြီး မိုးရွာသွန်းမှုများချိန်တွင် ရေကြီးရေလျှံလာမည်ကို မြစ်ဆုံအနီးတွင် နေထိုင်သူ ဒေသခံများက စိုးရိမ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းဧရိယာတွင် ခရိုနီ သူဌေးသုံးဦးက ခေတ်မီ စက်ယန္တရားကြီးဖြင့် နေ့ရောညပါ ရွှေတူးဖော်နေခြင်းကြောင့် မြေပြင်ပေါ်တွင် ကြီးမားသည့် ရေအိုင်ကြီးများ ဖြစ်ပေါ်နေပြီး မြစ်ကြမ်းပြင်အောက်တွင်လည်း တွင်းကြီးများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။

“တကယ်လို့မိုးတွေက ရွာမယ်။ ကျွန်မတို့ဆီမှာ မိုးလည်းများမယ်ဆိုရင် သူတို့ တူးထားတဲ့ ကျင်းတွေက အကုန်လုံး ရေအိုင်ဖြစ်နေပြီးတော့ လျှံတက်လာရင် မြစ်ဆုံရော ၊ တန်ဖဲရွာ ရောရေဘေးသင့်မှာစိုးရိမ်ရတဲ့ အခြေအနေရောက်နေပြီ” ဟု မြစ်ဆုံအနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မြစ်ဆုံအထက်ဘက် မလိခဘက်အခြမ်းတွင် ရွှေတူးဖော်ရေးလုပ်ကွက်များကြောင့် ရေလမ်း ကြောင်း ပြောင်းခြင်း၊ ရေအရည်အသွေးကျဆင်းကာ မြစ်ရေသည် လက်ဖက်ရည် အရောင်ဖြစ်ပေါ်နေခြင်း၊ တောင်ကျရေ ခမ်းခြောက်၍ သောက်သုံးရေ ရရှိမှု ခက်ခဲခြင်းများ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ရွှေတူးဖော်ရေးလုပ်ကွက်များ ပိုမိုများပြားလာကာ လူအသုံးပြုရန်မလိုဘဲ ခလုတ်နှိပ်တစ်ချက်နှိပ်ယုံဖြင့် ရသည့် စက်ယန္တရားကြီးများကို အသုံးပြု၍ တူးဖော်နေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ဒေသခံတွေကဆက်တိုက်ကန့်ကွက်နေတာ။ ဒါပေမယ့်ဘယ်သူမှလည်း တားမြစ် ပေးမယ့်သူမရှိဘူး။ သူတို့က အထက်အရာရှိတွေနဲ့ပူးပေါင်းပြီးတော့ လုပ်တယ် ဆိုပြီးပြောတယ်။ တရားဝင်ပါမစ်နဲ့အထက်အမိန့်နဲ့ လုပ်တာပြောတော့ ကျွန်မတို့ ဒေသခံတွေက ဘာမှမဟုတ်တော့ဘူးလေ။ နိုင်ငံရေးရှုပ်ထွေးမှုကို အခွင့်ကောင်း ယူပြီးတော့ စီးပွားရေးလုပ်စားနေကြတာ” ဟု မြစ်ဆုံအနီးနေထိုင်သူ ဒေသခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

၂၀၂၂ ခုနှစ်တွင် ‌ရွှေတူးဖော်ရေးကြောင့် မြစ်ချောင်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ထိခိုင်နိုင်သဖြင့် အကြီးစား ရွှေတူးဖော်ရေး လုပ်ငန်းများကို ရပ်ဆိုင်းပေးရန် ကချင်ပြည်နယ် လွှတ်တော် ကိုယ်စား ပြုကော်မတီ (CRKH) က သတင်းထုတ်ပြန်ထားသည်။

ဧရာတီမြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း ခုနစ်ခု တည်ဆောက်မည့် မြစ်ဆုံစီမံကိန်း ကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင်ယာယီရပ်ဆိုင်းခဲ့သည်။

#ကချင်ပြည်နယ် #မြစ်ဆုံစီမံကိန်း #ခရိုနီများ #ရွှေတူးဖော် #ရေအိုင်ကြီးများ #ရေကြီးရေလျှံ #ဒေသခံများစိုးရိမ် #Ayeyarwaddy_Times