ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ ဇွန်လ ၆ ရက်
ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံနေရာ သုံး ခုကို ယနေ့ ဇွန်လ ၆ ရက် နံနက် ၄ နာရီဝန်းကျင်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၁၀ ဦးဝန်းကျင် သေဆုံးနိုင်ကြောင်း BPDF-Yoma တပ်ဖွဲ့ထံက သိရသည်။
KNLA၊ PDF ပူးပေါင်းစစ်ကြောင်းသည် နတ်သံကွင်းမြို့နယ်ရှိ နတ်သံကွင်းရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး နတ်သံကွင်းနှင့် ကျောက်ကြီး ဆက်သွယ်ထားသည့် စစ်တောင်းမြစ်ကူးတံတားကိုလည်း မိုင်းဖြင့် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
“နတ်သံကွင်းမြစ်ကူးတံတားကို ပူးပေါင်တပ်ဖွဲ့တွေက ချိုးဖျက်ချလိုက်တယ် လို့သိရတယ်။ အဲ့ဒီနေရာတဝိုက်ကို စစ်ကောင်စီက မနက်ပိုင်းမှာတိုက်လေယာဉ် နှစ်စီးနဲ့ နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့တယ်။ တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက် ကျဆုံးမှုတွေ ရှိတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နတ်သံကွင်းတံတားကို မိုင်းခွဲဖျက်ဆီးရာတွင် တံတားမှာ ၆၅ ပေခန့် ကျိုးကျ ပျက်စီးခဲ့ပြီး အဆိုပါတံတားသည် စစ်ကောင်စီတပ်၏ အဓိက စစ်အင်အား ထောက်ပို့ လမ်းကြောင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ ၁၅,၀၀၀ (တစ်သောင်းခွဲ) ဝန်းကျင်မှာ ပြင်ဆင်ချိန် မရဘဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ပဲခူးတိုင်းအတွင်း KNLA တပ်မဟာ (၂) ၊ တပ်မဟာ (၃) စသည့်နယ်မြေများတွင် စစ်ကောင်စီတပ်များနှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျှက် ရှိသည်။
ဓာတ်ပုံ – CJ
#နတ်သံကွင်း #ကျောက်ကြီး #PDF #KNLA #တိုက်ပွဲပြင်းထန် #နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတား #ဖြိုချ #Ayeyarwaddy_Times