နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၆ ရက်

အာဏာသိမ်း စစ်ကောင်စီသည် မိုင်းလားမြို့တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြယ်ခဲ့သည့် ဇွန်လ ၂ ရက်နေ့မှစ၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-ကိုးကန့် (MNDAA)တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွါးနေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါတိုက်ပွဲသည် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးမှု ဒုတိယနေ့တွင် စတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်၍ စစ်ကောင်စီ၏ ရည်ရွယ်ချက်သည် အမှန်တကယ် ငြိမ်းချမ်းရေး ရချင်သောစိတ် ရှိမရှိဆိုခြင်းကို ပေါ်လွင်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

“သူတို့(စစ်ကောင်စီ)က ဟန်ပြလုပ်တာပါ။ တကယ်ကတော့ သူရဲ့စစ်ရေးအစီအစဉ်နဲ့ စစ်ရေးမဟာဗျူဟာတွေကတော့ မပြောင်းလဲပါဘူး။ ဒါကြောင့်မို့လို့ တိုက်ပွဲတွေကတော့ ဆက်တွေ့နေရဦးမှာပါ။ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက စစ်ရေးလှုပ်ရှားမှုတွေနဲ့ ဖိအားပေးမှုတွေ လုပ်လာတိုင်း တိုက်ပွဲတွေကတော့ ဆက်ပြီးမြင်နေကြရဦးမှာပဲ” ဟု ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-ကိုးကန့် (MNDAA)၊ ရက္ခိုင့် တပ်တော်(AA)နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလားမြို့တွင် ဇွန်လ ၁ ရက်မှ ၃ ရက်အထိ သုံးရက်တာ တွေ့ဆုံဆွေးနွေးမည်ဟု ကနဦး သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှု ဒုတိယနေ့ ဇွန်လ ၂ ရက်တွင် မည်သည့်ရလဒ်မှ မရရှိဘဲ ဆွေးနွေးပွဲပြီးပျက်ပြယ်ခဲ့သည်။ ဆွေးနွေးပွဲပျက်ပြယ်ခဲ့သည့် ထိုနေ့နံနက် ၉ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့သည် အထူးဒေသ(၁) မူပန်ခရိုင်၊ ပြင်းတောင်ရွာအနီးရှိ ကိုးကန့် – MNDAA တပ်ဖွဲ့၏ ယာယီတပ်စခန်းကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ ကိုးကန့်ဒေသအတွင်း ဇွန်လ ၅ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွါးနေခြင်းဖြစ်ကြောင်း သိရသည်။

“ဒါက သူတို့ကြားထဲမှာရှိနေတဲ့ နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်တဲ့ ကိစ္စတွေ အဖြစ် တွေ့ရပါတယ်။ နောက်တစ်ခုက ၂၀၂၂ တုန်းက ညီနောင်သုံးဖော် ထုတ်ထားခဲ့တဲ့ ထုတ်ပြန်ချက် တစ်ခုရှိတယ်။ အဲဒါကတော့ စစ်တပ်(စစ်ကောင်စီတပ်)ကို သူတို့တောက်လျှောက် တိုက်ပွဲဝင်သွားမယ် ဆိုတဲ့ဟာမျိုး ကြေညာထားတာပါ။ အဲ့ဒါသည် ညီနောင်သုံးဖော်ရဲ့ ရပ်တည်ချက်ဖြစ်မယ်လို့ ကျွန်တော်တို့ ယူဆလို့ရတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲသည် တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

“အဲဒီလို ရပ်တည်ချက်နဲ့ အခုဒီလိုမျိုး ဖြစ်တယ်ဆိုတဲ့အချိန်မှာ သူတို့အနေနဲ့ ‌‌တွေ့ဆုံဆွေးနွေးရေး လုပ်တယ်ဆိုတဲ့ကိစ္စက တရုတ်ရဲ့ လွှမ်းမိုးမှု တစ်စိတ်တစ်ပိုင်း ကြောင့်မို့လို့ သူတို့ ဒီဟာတွေ့ဖို့ လိုအပ်တဲ့အတွက်ကြောင့်မို့လို့ တွေ့တာ။ ဒါပေမယ့် သူတို့အနေနဲ့ နိုင်ငံရေးအရ ဆုံမှတ်မရှိသေးဘူးဆိုတဲ့ သဘောမျိုး ဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဒီလိုတွေ လုပ်လိုက်ရင် အားလုံးပြေလည်သွားမယ်ဆိုတဲ့ ယူဆချက်က မအောင်မြင်နိုင်ဘူးဆိုတဲ့ သဘောမှာ‌ တော့ရှိတယ်” ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်ကလည်း အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နေပြည်တော်တွင် တရုတ်ဗဟိုစစ်ကော်မရှင်၊ ပူးတွဲစစ်ဦး စီးဌာန၊ ခေတ္တစစ်ဘက်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် Major General Yang Yang နှင့် တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာနယ်စပ်ဒေသတည်ငြိမ်ရေး အပါအဝင် အခြားအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာ များတွင် ဖော်ပြထားသည်။

“တရုတ်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု အစီအစဉ်ဆိုတာက မဖြစ်နိုင်ပါဘူး။ ဟန်ပြပဲဖြစ်မှာပါ။ အခုတောင် ဒီဆွေးနွေးပွဲကို KIA က မတက်ဘူး။ KIA က NUG နဲ့ ပူးပေါင်းဖို့၊ နောက်ပြီးတော့ KIA နဲ့ TNLA ကလည်း စစ်အာဏာရှင် တိုက်ဖျက်ရေးမှာ လက်တွဲပူးပေါင်းမယ်၊ NUG နဲ့ ပူးပေါင်းမယ်ဆိုတဲ့ သ‌ဘောထားတွေကလည်း ရှိနေတယ်။ ဒါကြောင့်မို့ တရုတ်သံတမန်ရှေ့မှာတော့ ငြိမ်းချမ်းရေးစကားတွေ ပြောကြ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ကြပေါ့။ ဒါပေမယ့် မြန်မာပြည်မှာ အဲ့လိုနည်းနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းလာခဲ့တာ နှစ် ၇၀ ရှိပြီလို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

လက်ရှိတွင် မြေပြင်အခြေအနေအရ တစ်ဖက်နှင့်တစ်ဖက် အပစ်အခတ်ရပ်စဲရန်အတွက် ဆန္ဒသဘောထားများ သေချာမရှိကြသေးသည်ကို တွေ့မြင်နေရပြီး စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့သည် တရုတ်နှင့် အနည်းအများ ပတ်သက်ဆက်နွယ် နေသည့်အတွက် တရုတ်၏ စီစဉ်မှုဖြင့် ပြန်လည်တွေ့ဆုံနိုင်သော်လည်း ပြေလည် နိုင်မည်မှာ ဖြစ်နိုင်ချေနည်းကြောင်း ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုသည်။

“တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကလည်း အခုရှိနေတာက အာဆီယံလမ်းကြောင်း ရှိတယ်။ ထိုင်းကတစ်ဆင့် ဖြစ်မလားဆိုပြီး စဉ်းစားကြတာရှိတယ်။ နောက် အင်ဒိုနီးရှား ဥက္ကဋ္ဌဖြစ်တဲ့အချိန်မှာ ဖြစ်မလားဆိုပြီး စဉ်းစားကြတာရှိတယ်။ အဲဒါတွေက လက်တွေ့မှာ အကောင်အထည်မပေါ်လာဘူး ဆိုတဲ့ဟာလည်း အကုန်မြင်နေရပြီဆိုတော့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ဟာက နည်းနည်းအလှမ်းဝေးနေသေးတယ်လို့ ပြောလို့ရမယ် ခင်ဗျ” ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ – The KoKang

#စစ်ကောင်စီ #တရုတ် #ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲ #ပျက်ပြယ် #MNDAA #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times