ဧရာ၀တီတိုင်းမ်
ဇွန်လ ၆ ရက်
စစ်တပ်အားပေးထောက်ခံသူ၊ အမျိုးသားရေးလှုပ်ရှားသူဟု လူသိများသည့် အဆိုတော် လီလီနိုင်ကျော် ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက်အစောပိုင်းတွင် အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း အမျိုးသားရေးအဖွဲ့များထံက သိရသည်။
အဆိုတော် လီလီနိုင်ကျော်သည် ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ရှိ ၎င်း၏နေအိမ်ရှေ့တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။
ထို့သို့ သေနတ်ဖြင့်ပစ်ခတ်ခံရပြီးနောက် ဦးခေါင်းထိမှန်ကာ စစ်ဆေးရုံ၌ တစ်ပတ်နီးပါးအကြာ တက်ရောက်ကုသနေရာမှ ယနေ့ နံနက်ပိုင်းက သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ Lily Naing Kyaw Facebook အကောင့် လူမှုကွန်ရက်တွင် သေဆုံးကြောင်း ရေးသားထားသည်။
အမျိုးသားရေးလှုပ်ရှားသူ ဒေါ်လီလီနိုင်ကျော်နည်းတူ အမျိုးသားရေး ဦးဆောင် လှုပ်ရှားသူ ဦးတင့်လွင်သည်လည်း မေလ ၂၆ ရက်နေ့က ဒဂုံမြို့သစ် မြောက်ပိုင်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီသည် လပြည့်ဆိုသည့်လူငယ်ကို ဒေါ်လီလီနိုင်ကျော်အား ပစ်ခတ်လုပ်ကြံခဲ့သူဟု စွပ်စွဲ၍ စစ်ကြောရေးတွင် စစ်ဆေးဖမ်းဆီးထားကြောင်းနှင့် ၎င်းမှာ Special Task Force-STF အဖွဲ့၀င်ဖြစ်ကြောင်း ဇွန်လ ၅ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံထားရသည့် လပြည့်ဆိုသူသည် မြို့ပြပြောက်ကျား တပ်ဖွဲ့၀င်မဟုတ်ဘဲ လုပ်ကြံသတ်ဖြတ်ရာတွင်လည်း ပါ၀င်သူမဟုတ်ကြောင်း တော်လှန် ရေးရဲဘော်များက ပြောကြားမှုများရှိသည်။
#စစ်တပ်ထောက်ခံသူ #အမျိုးသားရေး #အဆိုတော် #လီလီနိုင်ကျော် #အမှန်တကယ်သေဆုံး #Ayeyarwaddy_Times