ဧရာဝတီတိုင်းမ်
ဇွန်လ ၆ ရက်

ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်း ရန်ကုန် – ပုသိမ်ကားလမ်းပေါ်မှာ ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းက မော်တော်ယာဥ် ၃ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တကုန်းကြီးကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်ကျေးရွာအနီး ရန်ကုန် ပုသိမ်ကားလမ်းမကြီးပေါ်မှာ ဇွန်လ ၅ ရက်နေ့မနက်ပိုင်းက မော်တော်ယာဥ် ၃ စီးဆင့်တိုက်မှုဖြစ်ပွားပြီး လူတစ်ချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရန်ကုန်ဘက်ကလာတဲ့ကားနဲ့ ပုသိမ်ဘက်ကလာတဲ့ကားချိတ်မိပြီးတစ်ခြားကားတစ်စီးကိုပါထပ်တိုက်တာ။ ၃ဦးလောက်တော့ဆေးရုံရောက်သွားတယ်။ အဲ့ဒီနေရာက လမ်းကျဥ်းတယ်၊ နယ်ကကားသမားတွေဆိုသတိထားပြီးမောင်းသင့်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကား၃စီးဆင့်တိုက်ရာမှာ Proboxအမျိုးအစားကားမှာ စီးနင်းလာတဲ့ မိသားစု၀င်များသာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဥ် ၃ စီးလုံးထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအဖွဲ့ က လူနာတင်ယာဥ်နဲ့ ပုသိမ်ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့သိရပါတယ်။

#ကန်ကြီးထောင့် #ရန်ကုန်-ပုသိမ်လမ်းမပေါ်မှာ #မော်တော်ယာဥ်၃စီးဆင့်တိုက်မှုဖြစ်
#Ayeyarwaddy_Times