ဗွီအာတီ/ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင်လ ၁၄ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ငှက်ဖျားမိ၍ အပြင်းအထန် ဖျားနာနေသူ စစ်သား ၂ ဦးနှင့် ဒဏ်ရာရသူ စစ်သား ၂ ဦးတို့ကို ၎င်းတို့ကိုယ်တိုင် ပြန်လည်သတ်ဖြတ်၍ အလောင်းများကို လမ်းတွင်ဖြစ်သလို ပစ်ထားခဲ့ကြောင်း CDF – Matupi မှ သိရသည်။

လိုင်လင်းပီမြို့ဘက်မှ မတူပီမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မှာ လမ်းတဝက်တွင် ၎င်းစစ်ကြောင်းမှ ဖျားနာနေသည် စစ်ကောင်စီတပ်သား ၂ ဦးနှင့် တိုက်ပွဲကြောင့် ဒဏ်ရာရရှိထားသော စစ်ကောင်စီတပ်သား ၂ ဦးတို့ကို သတ်ဖြတ်ခဲ့ပြီးနောက် အလောင်းများအား ဖြစ်သလို စွန့်ပစ်ထားခဲ့သဖြင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CDF မတူပီက သဂြိုလ်ပေးခဲ့ရကြောင်း သိရသည်။

“လိုင်လင်းပီမြို့က CDF Matupi တပ်ရင်း (၂) ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား အကုန်နီးပါးဟာ ဖျားကြတယ်လို့ သိရပါတယ်။ တအားဖျားနေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို လိုင်လင်းပီနှင့် အာရူရွာကြားမှာ သူတို့ကပဲ ပြန်သတ်ပြီးတော့ လမ်းဘေးမှာ ဖြစ်သလို ပစ်ထားတယ်။ ပြီးတော့ CDF-Matupi နဲ့ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ဒဏ်ရာရရှိတဲ့ စစ်သား ၂ ယောက်ကိုလည်း အမ်လိုင်းကျေးရွာမှာ သူတို့အချင်းချင်းကပဲ ပြန်သတ်တယ်၊ အချင်းချင်းစကားများလို့ သတ်တာမဟုတ်ဘဲ ဖျားနာတဲ့သူနဲ့ ဒဏ်ရာရနေတဲ့ သူတွေကြောင့် သူတို့စစ်ကြောင်း နှေးကွေးပြီး သတ်လိုက်ပုံရပါတယ်”ဟု CDF-Matupi မှ ရဲ‌ဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်က ငှက်ဖျားမိသူ ၂ ဦးကို သတ်ဖြတ်ပြီး အလောင်းကို လမ်းတွင် ပစ်ထားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူ ၂ ဦးကိုမူ သတ်ဖြတ်ပြီးနောက် နေအိမ်တစ်ခု၏ အိမ်အောက်တွင် ကျင်းတူး၍ မြေမြုပ်ထားခဲ့ကြောင်း CDF မတူပီက ပြောသည်။

အဆိုပါစစ်သား ၄ ဦးစလုံး၏ အလောင်းများတွင် သေနတ်ဒဏ်ရာများတွေ့ရှိရသည့်အတွက် စစ်ကောင်စီတပ်က ၎င်းတို့အား သေနတ်ဖြင့် ပစ်ခတ်၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြေင်း CDF မတူပီက ဆိုသည်။

ထို့အပြင် တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သား ၁၁ ဦး၏ အလောင်းများကိုလည်း ရိန်ခဲန်းကျေးရွာ၊ လမ်းဘေးနှင့် အိမ်အောက်တို့တွင် ဖြစ်သလို စွန့်ပစ်ထားခဲ့သည့်အတွက် CDF-Matupiရဲဘော်များက ကောင်းမွန်စွာ ပြန်လည်သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ -CDF-Matupi