ကိုကိုမောင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်
အကြောင်းအမျိုးမျိုးကြောင့် အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် ပြန်လည်အလုပ်လုပ်ကြသည့် မအူပင်မြို့နယ်မှ CDM ကျန်းမာရေးဝန်ထမ်းတချို့မှာ ၆ လကြာမြင့်သည်အထိ လစာမရဖြစ်နေကြောင်း သတင်းရရှိသည်။
မအူပင်မြို့နယ်မှ CDM တွင်ပါဝင်သော ကျန်းမာရေးဝန်ထမ်းများကို စစ်ကောင်စီက လိုက်လံဖမ်းဆီးခြင်း၊ ၎င်းတို့အား မမိပါက မိသားစုဝင်များကို ဖမ်းဆီးခြင်း၊ ပြင်ပဆေးခန်းများတွင် အလုပ်မလုပ်နိုင်စေရန် စစ်ကောင်စီက ကန့်သတ်ထားခြင်းစသည့် နည်းမျိုးစုံဖြင့် ဖိအားပေးမှုများကြောင့် CDM ကျန်းမာရေး ဝန်ထမ်းတချို့နှင့် သူနာပြုတချို့မှာ စစ်ကောင်စီလက်အောက်တွင် ပြန်လည်အမှုထမ်းခဲ့ကြသည်။
ထိုသို့အမှုထမ်းသောဝန်ထမ်းတချို့မှာ အလုပ်ပြန်ဝင်ပြီး ၆ လကြာသည်အထိ လစာမရဖြစ်နေပြီး စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးဌာနကလည်း ၎င်းတို့အား သတိထားစောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း သိရသည်။
“CDM မှာ ပါခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ကောင်စီက ဖိအားပေးလို့ အလုပ်ပြန်ဝင်တဲ့ သူနာပြုတချို့တွေ လစာ မရတာ ၆ လရှိပြီ။ အထက်က မပေးတာလား၊ အပေါ်ကပေးရဲ့သားနဲ့ အောက်က ကျန်းမာရေးဌာနက တမင် ညစ်ပြီး မပေးဘဲထားတာလားတော့ မသိဘူး။ မအူပင်မှာတော့ အလုပ်ပြန်ဝင်တဲ့ CDM သူနာပြုတချို့တွေ လစာမရတာတော့ သေချာတယ်”ဟု CDM ကျန်းမာရေးဝန်ထမ်းများနှင့်နီးစပ်သူ မအူပင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဧရာဝတီတိုင်း၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ကျန်းမာရေးနှင့် ပညာရေးဌာနမှ ဝန်ထမ်းများ အပါအဝင် ဝန်ထမ်းပေါင်း ထောင်နှင့်ချီ၍ အလုပ်မဆင်းဘဲ CDM ပြုလုပ်ခဲ့ကြသည်။ သို့သော် CDM ဝန်ထမ်းများမှာ စစ်ကောင်စီ၏ဖမ်းဆီးရန် ခြိမ်းခြောက်ခြင်း၊ အိုးအိမ်စွန့်ခွာ ရှောင်တိမ်းနေရခြင်း၊ ထောက်ပံ့ ငွေကြေး မရခြင်းနှင့် ဝင်ငွေမရှိခြင်းကြောင့် စားဝတ်နေရေး ခက်ခဲသည့်အခြေအနေများကြောင့် CDM ဝန်ထမ်းတချို့မှာ Non – CDM ပြုလုပ်၍ စစ်ကောင်စီလက်အောက်၌ အလုပ်ပြန်ဝင်ခဲ့ကြသည်။
ထိုသို့အလုပ်ပြန်ဝင်သော ပညာရေးဌာနမှ ဆရာ၊ ဆရာမများကိုလည်း စစ်ကောင်စီ လက်အောက်ရှိ ပညာရေးဌာနက မူလတာဝန်ထမ်းခဲ့သည့်ကျောင်းများတွင် ပြန်လည်တာဝန်မပေးဘဲ မြို့နယ်အတွင်းရှိ နယ်စွန်နယ်ဖျား ဒေသများမှ စာသင်ကျောင်းများသို့ ပြောင်းရွှေ့ကာ ပြစ်ဒဏ်ပေးခြင်းနှင့် သတိထားစောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း ပညာရေးဌာနအသိုင်းအဝိုင်းထံမှ သိရှိရသည်။