ဧရာဝတီတိုင်းမ်
(ချင်း)၊ ဇွန် ၅ ရက်
ချင်းပြည်နယ်တွင် စစ်ကောင်စီသည် နယ်မြေစိုးမိုးရေးကို တစိုက်မတ်မတ် ပိုမို လုပ်ဆောင်နေပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေး စီမံချက်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းသိရသည်။
စစ်ကောင်စီက ထိုသို့လုပ်ဆောင်နေသော်လည်း လက်ရှိ ချင်းပြည်နယ်အနေအထားအရ ချင်းအမျိုးသားတပ်မတော်/ ချင်းအမျိုးသားတပ်ဦး (CNA/CNF)နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့များက ချင်းပြည်နယ်၏ ၇၅ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
“သူတို့ရဲ့ ရွေးကောက်ပွဲစီမံချက်အတွက် အဓိကကတော့ စစ်ကောင်စီတပ်အထိုင်စခန်းရှိတဲ့ မြို့ပေါ် လောက်ပဲ လုပ်ရင် လုပ်နိုင်မယ်ပေါ့။ ကျန်တဲ့ဒေသတွေကတော့ လုပ်နိုင်မှာမဟုတ်ဘူး။ မလုပ်နိုင်အောင်လည်း ကျွန်တော်တို့ကတော့ တားရမှာပဲ။ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ကတော့ အဲ့သလိုပဲ ပြင်ဆင်ထားတယ်” ဟု CNA/CNF၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ချင်းပြည်နယ်တွင် နယ်မြေစိုးမိုးနိုင်ရေးအတွက် လေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ချင်းကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။
“ရွေးကောက်ပွဲလုပ်တယ်ဆိုရင်လည်း ပြည်သူက သူ့ကိုကြောက်လို့ လုပ်တာမျိုး ဖြစ်သွားမယ်။ တရားဝင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေ အဲ့ဒါကို သတိထားဖို့ လိုတယ်။ ဒီရွေးကောက်ပွဲမှာ နားမယောင်ဖို့လည်း လိုတယ်။ သိရက်နဲ့ သွားပေါင်း မိတယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေးဦးတည်ချက်၊ ရည်မှန်းချက်ကနေ သွယ်ဖယ်သွားတာဖြစ်တယ်။ အဲ့ဒါကို ပြည်သူတွေက သတိချပ်ဖို့လိုတယ်” ဟု ဆလိုင်းထက်နီက ဆိုသည်။
စစ်ကောင်စီသည် ချင်းပြည်နယ်တွင် ပြည်သူများကို ပစ်မှတ်ထားကာ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်တို့ကို အစဥ်တစိုက်လုပ်ဆောင်နေခြင်းကြောင့် ချင်းပြည်သူများ၏ စစ်ကောင်စီကို မုန်းတီးမှုသည် ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်များက ပြောကြားသည်။
“မြို့ပေါ်ဆိုပြီး အထင်ကြီးနေအုံးမယ်။ ချင်းပြည်နယ်ရဲ့ မြို့ပေါ်တွေမှာ အရင်လို ပြည်သူတွေနဲ့ စည်စည်ကားကားမရှိတော့ဘူး။ ဘေးလွတ်ရာကို အကုန်တိမ်းရှောင် နေကြပြီ။ စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ မြို့ပေါ်မှာပဲ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတာ မဖြစ်နိုင်တဲ့ အိပ်မက်တွေကို ရမ်းသန်းပြောနေတာ” ဟု မတူပီမြို့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ချင်းနိုင်ငံရေးပါတီများထဲတွင် ဇိုမီးပါတီတစ်ခုသာ စစ်ကောင်စီထံ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားပြီး ချင်းပြည်သူများအနေဖြင့် စစ်ကောင်စီကျင်းပသော ရွေးကောက်ပွဲတွင်နားယောင်၍ ပါဝင်ပတ်သက်ခြင်းမပြုကြရန်နှင့် အားပေးအားမြောက်ခြင်းများ မပြုလုပ်ရန် ချင်းကာကွယ်ရေး တပ်ဖွဲ့များက သတိပေးထားသည်။
ချင်းပြည်နယ်တွင် မြို့နယ်အလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို အသီးသီးဖွဲ့စည်းခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ အုပ်ချုပ်ရေးလုပ်ငန်းများနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့များထံက သိရသည်။
ဓာတ်ပုံ-CNA/CNF
#ချင်းပြည်နယ် #စစ်ကောင်စီ #ရွေးကောက်ပွဲကျင်းပနိုင်ရေး #အောင်မြင်မည်မဟုတ် #CNF #Ayeyarwaddy_Times