ဧရာဝတီတိုင်းမ်
ဇွန်လ ၅ ရက်
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ယခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ယနေ့ ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။
ယနေ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “ပလတ်စတစ်ညစ်ညမ်းမှုကိုနှိမ်နင်းကြ-Beat Plastic Pollution” ဖြစ်ပြီး NUG ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက “ပလတ်စတစ်ညစ်ညမ်းမှုကိုနှိမ်နင်းကြ အာဏာရှင်စနစ်ကိုအမြစ်ဖြတ်ကြ” ဟု တိုက်တွန်းထားသည်။
“ပလတ်စတစ်ညစ်ညမ်းမှုကဲ့သို့ လူမှုဘဝတွေကို ဖျက်ဆီးစေတဲ့ အာဏာရှင်စနစ် အမြစ် ပြတ်အောင်တွန်းလှန်ဖို့ရာ ပြည်သူတစ်ယောက်ခြင်းစီက အရေးပါတယ် ” ဟု ပြည်ထောင်စု အဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ တူးခေါင်က ပြောကြားသည်။
သက်ရှိများနှင့် ပတ်ဝန်းကျင်ဂေဟစနစ်များအပေါ် ဆိုးကျိုးများ သက်ရောက်စေသည့် ပလတ်စတစ်ညစ်ညမ်းမှုကိုတိုက်ဖျက်ရန်လိုအပ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။
ပလတ်စတစ် အမှိုက်တန်ပေါင်း ၁၉ သန်းမှ ၂၃ သန်းကို မြစ်ချောင်း၊ အင်းအိုင် ပယ်လယ်များအတွင်းစွန့်ပစ်မှုများရှိနေသဖြင့် မျိုးစိတ်ပေါင်း ၈၀၀ ကျော်၏ အသက်ရှင် နေထိုင်မှုကိုခြိမ်းခြောက်လျှက်ရှိကြောင်း ပြည်ထောင်ဝန်ကြီး ဒေါက်တာတူးခေါင်က ဆိုသည်။
“ပလတ်စတစ်အမှိုက်ကထွက်ရှိတဲ့ ဘေးအန္တရာယ်ရှိဓာတုပစ္စည်းများကြောင့်သာမက သေးငယ်တဲ့ ပလတ်စတစ်အပိုင်းအစများဖြစ်တဲ့ မိုက်ခရိုပလတ်စတစ်များကြောင့် ဂေဟစနစ်များ၊ တောရိုင်းတိရစ္ဆာန်များ နဲ့ လူသားတို့ရဲ့ ချမ်းသာသုခနဲ့ လူမှုစီးပွား ရေးကိုပါ ထိခိုက်လာပါတယ်” ဟု ပြည်ထောင်စု အဆင့်သယံဇာတ စီမံအုပ်ချုပ်မှု အဖွဲ့ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောကြားသည်။
ပလတ်စတစ်များကိုစီမံခန့်ခွဲရာတွင် လျော့ချသုံးစွဲရေး၊ ပြန်လည်အသုံးပြုရေး၊ ပြန်လည် ပြုပြင်သုံးစွဲရေး (3R) စနစ်အသုံးပြုရန်လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ပလတ်စတစ်ထုတ်လုပ်မှုလုပ်ငန်းစဉ်ကိုပြုပြင်ပြောင်းလဲခြင်း၊ ထိထိရောက်ရောက် ကြီးကြပ်နိုင်မည့် ဥပဒေလုပ်ထုံးလုပ်နည်းများ ချမှတ်လုပ်ဆောင်ရန်လိုအပ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဆိုထားသည်။
ထို့ပြင် ပလတ်စတစ်အသုံးပြုမှုနှင့် ပလတ်စတစ်အမှိုက်ထွက်ရှိမှုများကိုလျှော့ချပြီး ပတ်ဝန်းကျင်နှင့် ကမ္ဘာမြေပျက်စီးမှုကာကွယ်ရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဓာတ်ပုံ-ဧရာ၀တီတိုင်းမ်
#ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ #ပလတ်စတစ်ညစ်ညမ်းမှု #လျော့ချရေး #NUG တိုက်တွန်း #Ayeyarwaddy_Times