ဧရာ၀တီတိုင်းမ်
‌ဇွန်လ ၅ ရက်

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ အခွန်ဦးစီးမှူးရုံးတွင် ယနေ့ ဇွန်လ ၅ ရက်နေ့ နေ့လယ်‌ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အနီး၀န်းကျင်ရှိ မြို့ နယ်တွင် နေထိုင်သူများထံက သိရသည်။

ယနေ့ မွန်းတည့်ချိန် နေ့လယ် ၁၂ နာရီခန့်က ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)ရှိ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး သုံးလွှာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အခွန်ဒုဦးစီးမှူးအပါအ၀င် ၀န်ထမ်း ငါး ဦး ဗုံးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း အခွန်ရုံး နှင့်နီးစပ်သူထံက သိရသည်။

“ဗုံးပေါက်ကွဲသံ အကျယ်ကြီးပဲ ကြားလိုက်ရတာ။ အခွန်ရုံးရဲ့အပေါ်ထပ်မှာ။ အဲဒီနေရာက တော်ရုံလူလည်း မတက်ရပါဘူး။ ဒီလိုချိန်‌ဆိုပိုဆိုးတယ်။ သူတို့၀န်ထမ်းတွေပဲရှိတာ။ ထိတဲ့လူတွေများတယ်ထင်တယ်။ လူနာတင်ယာဉ်တွေ ရောက်လာတာများတယ်။ သူတို့ ဘာသာ ဖောက်ခွဲတာလားလည်းမသိဘူး။ ပုံဖျက်ချင်လို့ လုပ်တာလို့ထင်တယ်” ဟု အခွန်ရုံးအနီးနေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် အခွန်ရုံးမှ ဒုဦးစီးမှူး မဖြိုးဖြိုးအောင် အပါအ၀င် ငါး ဦးမှာ ဗုံးစ ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ရန်ကုန်ရှိ လူမှုကူညီရေးအသင်းထံက သိရသည်။

အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကိုမူ ဧရာ၀တီတိုင်းမ်အနေဖြင့် အတည်ပြု၍ မရသေးပေ။

ပုံစာ- ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)ရှိ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံးဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဉ်
#ရန်ကုန် #ကျောက်တံတား #ပန်းဆိုးတန်း #အလယ်အလတ်အခွန်ရုံး #ပေါက်ကွဲမှု #Ayeyarwaddy_Times