ဧရာဝတီတိုင်းမ်
ဇွန်လ ၄ ရက်
တော်လှန်ရေးတိုက်ပွဲများ ဆင်နွှဲနေသောအညာဒေသ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အောက်ပိုင်းရှိကျေးရွာများရှိ တောင်သူများသည် မိုးစပါးများစတင်စိုက်ပျိုးရန်အတွက် ပြင်ဆင်နေကြောင်း သိရသည်။
တချို့ကျေးရွာများတွင် လက်ရှိ မိုးစပါးစိုက်ပျိုးချိန်တွင် ပုံမှန်စိုက်ပျိုးရန်အတွက် ပြင်ဆင်နေသော်လည်း တချို့ဒေသများတွင် လုံခြုံရေးအနေကြောင့် စပါးပျိုးနိုင်ခြင်း မရှိကြောင်း ဒေသများထံက သိရသည်။
“ အများစုကပုံမှန်အတိုင်း မိုးစပါးစိုက်တယ်ဗျ။ အိမ်ကတော့ ဒီနှစ်လုံခြုံရေး အရ မစိုက်ဘူး။ ပုံမှန်ဆို ဧက ၃၀ လောက်စိုက်တယ်” ဟု ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အညာဒေသခံများသည် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာပါက မိမိတို့ နေထိုင်ရာ ကျေးရွာများမှတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်သားများ ပြန်လည် ထွက်ခွာမှ ရွာထဲသို့ ပြန်လည်ဝင်ရောက်ရဲသောကြောင့် လယ်ယာလုပ်ငန်းခွင်ကို စနစ်တကျပြုစု စိုက်ပျိုးနိုင်ခြင်းမရှိကြောင်း သိရသည်။
“မိုးရွာရင်တော့ စိုက်ကြတာပဲ။ စိုက်လိုက်၊ ပြေးလိုက်ပေါ့။ ဒီဘက်မှာတော့ ဒီလိုပဲ” ဟု ကန့်ဘလူမြို့နယ်ရှိ ကျေးရွာသားတစ်ဦးက ပြောသည်။
အညာဒေသတွင် မိုးစပါးစိုက်ပျိုးရန်အတွက် ဇူလိုင်လတွင်ပျိုးထောင်ကြကာ ဩဂုတ်လမှ စက်တင်ဘာလထိစိုက်ပျိုးကြပြီး ဒီဇင်ဘာလဝက်ခန့်မှ စတင်ရိတ်သိမ်း၍ ဇန်နဝါရီလထဲတွင် လှိုင်လှိုင်ရိတ်သိမ်းကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၌ မိုးစပါးရာသီတွင် အခြားသောစပါးမျိုးများထက် နှစ်စဉ်ဈေးနှုန်းနှင့် ဈေးကွက်ကောင်းသည့် ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးမှုများပြားသည်။
ယခုနှစ် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် မိုးရာသီတွင် စပါးအပါအဝင် အခြားစိုက်ပျိုးသီးနှံ (၈) မျိုးအတွက် စိုက်ပျိုးရန်လျာထားဧက ၂၂ ဒဿမ ၄၈ သန်းခန့်မှန်းထားကြောင်း စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေးဦးစီးဌာနထံက သိရသည်။
၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးရာသီတွင် ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် ခြောက် မြို့နယ်တွင် စိုက်ပျိုးမြေ စုစုပေါင်း ၆၄၈,၃၅၉ ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#အညာဒေသ #မိုးစပါး #စိုက်ပျိုးရန်ပြင်ဆင် #လုံခြုံရေး #Ayeyarwaddy_Times