နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၄ ရက်
အာဏာသိမ်း စစ်ကောင်စီ၏ နိုင်ငံရေးအကျပ်အတည်းကို ရုရှားအနေဖြင့် ပါဝင်ကူညီ ဖြေရှင်းပေးလိုပြီး တရုတ်နည်းတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံရေးထွက်ပေါက်ရရန်အတွက် ဝိုင်းဝန်းကြိုးပမ်းပေးနေကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံကို လာရောက်ခဲ့သော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool သည် ပြီးခဲ့သည့် မေလ ၃၀ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်ကြီးမြို့အထိ သွားရောက်တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရုရှားနိုင်ငံအနေဖြင့် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ရုရှားအနေနဲ့ကတော့ တရုတ်နည်းတူ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးထွက်ပေါက် အတွက် ဝိုင်းဝန်းကြိုးပမ်းပေးမှာပေါ့။ ဒါကတော့ ထုံးစံအတိုင်းပဲ။ ဒါပေမယ့် နိုင်ငံတကာကတော့ ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုသလို အယုံအကြည်လည်း မရှိကြပါဘူး။ အဲ့ဒီတော့ ရုရှားကူညီမယ်ဆိုတာ ရွေးကောက်ပွဲ စာရင်းဇယား၊ နည်းပညာ အတွေ့အကြုံ ဘာညာတွေပေါ့ဗျာ။ ရုရှားက နည်းပညာအကူအညီတော့ ပေးနိုင်ပါလိမ့်မယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရုရှား ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌသည် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနှင့်ရုရှားနိုင်ငံတို့အကြား ဘက်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ စသည်တို့ကို စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
“စစ်ကောင်စီရဲ့ နိုင်ငံရေးအကျပ်အတည်းကို သူတို့(ရုရှား)အနေနဲ့ ပါဝင်ကူညီ ဖြေရှင်း ပေးလိုတယ်ဆိုတာ အထူးသဖြင့် စစ်ကောင်စီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ နိုင်ငံအနေနဲ့ပေါ့နော်။ အတူတူရပ်တည်တယ် ဆိုတဲ့ဟာမျိုး ပြတဲ့သဘောဖြစ်တယ်။ ဒီနိုင်ငံရေး အခင်းအကျင်း ပေါ့။ ဒါကြောင့်မို့ ဒီပြဿနာကို သူတို့ပါဝင် ဖြေရှင်းပေးမယ်ဆိုတဲ့ သဘောမျိုး ပြောတယ်လို့ နားလည်လို့ရတယ်။ ဒါပေမယ့် နိုင်ငံတကာနဲ့ ပြည်တွင်းက လက်ခံနိုင်ဖို့ ဆိုတဲ့ဟာကတော့ အဲအခြေအနေက နည်းနည်းတော့ အလှမ်းဝေးနေသေးတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူရုရှား၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌသည် မေလ ၃၀ ရက်တွင် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် နေပြည်တော်၌ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် အသေးစားနျူးကလီးယား လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး၊ မြန်မာ-ရှရှား နှစ်နိုင်ငံလေကြောင်းလိုင်းများ ပုံမှန်ပျံသန်းနိုင်ရေး၊ မြန်မာ့မီးရထားကဏ္ဍ မြင့် တင်နိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌသည် စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) နှင့်လည်း တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့သလို ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားပြီး အမြဲထောက်ခံ အားပေးလျက်ရှိသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
“မြေပြင်အခြေနေအရ ဒီနေ့အထိ စစ်ကောင်စီက ဘယ်နေ့ဘယ်ရက် (ရွေးကောက်ပွဲ) ကျင်းပမယ်ဆိုတာကို ကြေညာလို့ မရသေးပါဘူး။ တကယ်လည်း ကျင်းပနိုင်တဲ့ အခြေအနေလည်း မရှိပါဘူး။ အဲဒီတော့ နောက်တစ်ကြိမ်ထပ်ပြီးတော့ သူတို့အနေနဲ့ စစ်အုပ်ချုပ်ရေး ဆက်သွားဖို့ပဲရှိမယ်လို့ ကျွန်တော်တို့ ယူဆရပါတယ်” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်အခြေအနေတွင် ရွေးကောက်ပွဲကိုနောက်ရွှေ့ပြီး ၎င်းတို့၏ အာဏာသက်တမ်းကို နောက်ထပ် ခြောက်လ သက်တမ်းတိုးနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ခန့်မှန်းထားသည်။
#စစ်ခေါင်းဆောင် #နိုင်ငံရေးထွက်ပေါက် #ရုရှား #ဝိုင်းဝန်းကြိုးပမ်း #Ayeyarwaddy_Times