ဧရာဝတီတိုင်းမ်
(ရေး)၊ ‌ဇွန်လ ၄ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ရွာတွင် ဇွန်လ ၂ ရက်နေ့ ည ၈ နာရီဝန်းကျင်က ချောင်းတောင်ရွာနေ စစ်ကောင်စီလက်အောက်ခံ စစ်မှုထမ်းဟောင်း ၂ ဦးအား ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ချောင်းတောင်ရွာ၊ အကွက် ၄ ရှိ ဘီလီယက်ခုံမှ ပြန်လာသည့် စစ်မှုထမ်းဟောင်း ဦးပန်းရွှေနှင့် နောက်ထပ်စစ်မှုထမ်းဟောင်းတစ်ဦးအား ‌သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ဦးပန်းရွှေထံမှ သေနတ်တစ်လက်နှင့်ကျည်ဆံအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“စစ်မှုထမ်းဟောင်းတစ်ဦးကို ကျွန်တော်တို့ရေးဘီလူးအဖွဲ့က ပစ်လိုက်တယ်။ သူနဲ့‌တူတူပါလာတဲ့‌ နောက်တစ်ယောက်ကိုလည်း ပစ်ခဲ့တယ်။ သူကတော့မသေဖို့များတယ်။ သူလဲစစ်မှုထမ်းဟောင်းတစ်ဦးပဲ။ လက်နက်လဲသိမ်းနိုင်ခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဦးပန်းရွှေတွင် လက်နက်ပါရှိတာကြောင့် ပျူစောထီးခေါင်းဆောင်ဖြစ်နိုင်ကြောင်း ယူဆလို့ရပြီး ချောင်းတောင်မှာ စစ်ကောင်စီ အာဏာပိုင် ကိစ္စတော်တော် များများ ၎င်းမှာ အဓိကလုပ်ဆောင်ပေးနေသူလည်းဖြစ်သည်ဟုဆိုသည်။

ဒါ့ပြင် စစ်မှုထမ်းဟောင်း ဦးပန်းရွှေမှာ ပြည်သူများထံမှ ခြိမ်းခြောက်ငွေညှစ်ခြင်းနှင့် လက်နက်ကိုင်ဆောင်ခွင့်ရထားသဖြင့် သေနတ်ဖြင့်ခြိမ်းခြောက်ခြင်း၊ စစ်ကောင်စီမှ စေခိုင်းသည့်အတိုင်း လိုက်လံလုပ်ဆောင်ခြင်းများရှိကြောင်းလည်း သိရသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီမှ မြေပြင်အုပ်ချုပ်ရေးပိုင်းတွင်ကောင်းစွာထိန်းချုပ်နိုင်တော့ခြင်းမရှိသည့်အတွက် ၎င်းတို့ပြောသည့်အတိုင်းလုပ်ဆောင်ပေးနိုင်မည့် ဒေသခံစစ်မှုထမ်းဟောင်းများအား လက်နက်များတပ်ဆင်ပေးထားကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။

ရေးတွင် မေလ ၃၀ ရက်နေ့ကလည်း သံဖြူဇရပ်ဘက်မှ ရေးဘက်သို့လာသည့် ကား ၉ စီးပါ စစ်ကောင်စီယာဉ်တန်းအား တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ၂ ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တပ်သား ၃ ဦးသေဆုံးခဲ့ကြောင် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။
ဓာတ်ပုံ – ရေးဘီလူး။
#ရေး #စစ်မှူထမ်းဟောင်း #သတ်ခံရ #ရေးဘီလူး #Ayeyarwaddy_Times