ဓာတ်ပုံ - စစ်ကောင်စီ။

ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်

သီရိလင်္ကာနိုင်ငံသို့ လူသားချင်းစာနာမှုနဲ့ မြန်မာနိုင်ငံက ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းမည်ဟု စစ်ကောင်စီခန့် စီးပွားကူးသန်းဝန်ကြီးက ဇူလိုင်လ ၁၃ ရက်နေ့က စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောဆိုလိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာများက ဖော်ပြထားပါတယ်။

ကုန်စျေးနှုန်ုး၊စီးပွားရေး၊စားဝတ်နေရေး စသည့်နိုင်ငံရေးအကြပ်အတည်းများ ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီအဖြစ် ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လက်ရှိ ပြည်တွင်စျေးကွက်မှာ အာဏာမသိမ်းမှီကာလထက် ဆန်စျေးနှုန်း ၂ ဆကျော် မြင့်တက်လျှက်ရှိနေပြီး ဆန်အကြမ်းတစ်အိတ်လျှင် ၃၅၀၀၀ ကျပ်၊ ဆန်အချော တစ်အိပ်လျှင် ၆၅၀၀၀ ကျပ်အထိ ပေါက်စျေးရှိနေတယ်လို့ ပုသိမ်မြို့ခံ ဆန်ကုန်သည်တစ်ဦးက ဆိုပါတယ်။

ပြည်တွင်းဆန်စျေးနှုန်းမြင့်တက်နေချိန်မှာ သိီရိလင်္ကာနိုင်ငံကို ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အပေါ် ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

” ပြည်တွင်းဆန်စျေးက ၂ ဆကျော်တက်နေတယ်။ သွင်းအားစုတွေ ၄ ဆကျော် စျေးတက်လို့ ဆန်စပါးအဓိကစိုက်တဲ့ ဧရာဝတီတိုင်းမှာ လယ်သမားတွေ အရှုံးပေါ်၊ စိုက်ဧကတွေကလည်းနည်း၊ အထွက်လည်းနည်းနဲ့ အကုန်လုံးဒုက္ခရောက်နေတာပါ။ ဒါကို ဆန်တန်ချိန် ၁၀၀၀ လှူမယ်ဆိုတာ ပြည်သူတွေကို စော်ကားတဲ့လုပ်ရပ်တစ်ခုလို့ပဲ ပြောလိုပါတယ်” လို့ သတင်းစာဆရာတစ်ဦးက သုံးသပ်ထားပါတယ်။

အစည်းအဝေးတွင် ဝယ်ယူစုဆောင်းမည့် ဆန်အမျိုးအစား၊ ကွန်တိန်နာငှားရမ်းမှုနှင့် အခြား လိုအပ်သည့် အ‌ကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး အသေးစိတ်အချက်အလက် ကို နိုင်ငံပိုင်မီဒီယာများက ဖော်ပြထားခြင်းမရှိပါ။

ထို့ပြင် သီရိလင်္ကာ ပြည်သူများက လွန်ခဲ့သည့် ရက်ပိုင်းက သမ္မတနေအိမ် နှင့် ရုံးခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ရာ သီရိလင်္ကာသမ္မတမှာ နေအိမ်မှ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သီရိလင်္ကာနိုင်ငံပိုင် သတင်းဌာနများ ဖော်ပြခဲ့ပါတယ်။