
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ဇူလိုင်လဆန်းပိုင်းစတင်ကာ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျ မှုတွေဖြစ်ပေါ်လာလို့ ၂ ပတ်အတွင်း နေအိမ်အလုံး ၅၀ ကျော် ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုတွေ ဖြစ်ပေါ်လာလို့ ကျေးရွာ ၃ ရွာက နေအိမ် ၁၇ လုံးအရေးပေါ်ရွှေ့ပြောင်းတာတွေပြုလုပ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဒီလထဲမှာတင်ကမ်းပါးပြိုလို့ ရွှေ့ရတာ အိမ် ၅၀ ကျော်လောက်ရှိပြီ အဲ့လိုပဲ တဖြည်းဖြည်းနဲ့ရွှေ့နေရတာ ဒီလ ထဲမှာ ပိုများလာတယ်လို့ ပြောရမယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့က မြစ်ကမ်းပါးတိုက်စားမှုကြောင့် ကျောင်းတော်လေးကျေးရွာ၊ နံဂါတ်ရိုးကျေးရွာနဲ့ နံဂါတ် ကျေးရွာက နေအိမ် ၁၁ လုံးအရေးပေါ်ရွှေ့ပြောင်းခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
နေအိမ် ၁၇ လုံးရွှေ့ပြောင်းခဲ့ရလို့ ဒေသခံပြည်သူ ၆၉ ဦးကို ဆွေးမျိုးတွေရဲ့နေအိမ်နဲ့ ကျေးရွာဘုန်းတော်ကြီး ကျောင်းတွေမှာ ယာယီနေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့က မြစ်ကမ်းပါးပြိုကျမှုမှာလည်း နေအိမ် ၇ လုံးအရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး ပြည်သူ ၄၁ ဦး ဟာ ကျေးရွာဘုန်းတော်ကြီးကျောင်းတွေနဲ့ ဆွေမျိုးတွေရဲ့နေအိမ်တွေကို ရွှေ့ပြောင်းခဲ့ရသေးတယ်လို့ ဆိုပါတယ်။