
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်
စစ်တပ်က ကြောက်မတ်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှ ရေနံနဲ့ဓာတ်ငွေ့အပေါ် မှီခိုမှုကိုလျှော့ချဖို့ ထိုင်းနိုင်ငံကို အင်တိုက်အားတိုက်တောင်းဆိုမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အဆိုပြုခံရသူက ဇူလိုင်လ ၁၃ ရက်တွင် အထက်လွှတ်တော်ကော်မတီတစ်ခုသို့ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှ ရေနံနဲ့ဓာတ်ငွေ့ ၈၀ ရာခိုင်နှုန်း ရရှိတယ်ဆိုတဲ့ လူ့အခွင့်အရေးစောင့်ကြည့် ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တစ်ခုကို ကိုးကားပြီး အထက်လွှတ်တော်မတ် အက်ဒဝပ်မာကေးရဲ့ မေးမြန်းမှုတစ်ခုကို ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသူ ရောဘတ်အက်ဖ်ဂိုဒက်က ဖြေကြားခဲ့တာဖြစ်ပါ တယ်။
“မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးမှုတိုးမြှင့်ဖို့ ကျွန်တော်တို့ ထိုင်းတာဝန်ရှိသူတွေနဲ့ နည်းလမ်းတွေ ရှာနေပါတယ်။ အဲဒီနည်းလမ်းတွေထဲမှာ ရေနံနဲ့ဓာတ်ငွေ့ကဏ္ဍမှာ ထပ်မံ အရေးယူဖို့လည်း ပါဝင်ပါတယ်” လို့ ရောဘတ်က ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီကို ဖိအားပေးရာမှာ ထိုင်းနိုင်ငံနဲ့လက်တွဲရေး ကြိုးပမ်းမယ်လို့ ရောဘတ်က အ ထက်လွှတ်တော် ကော်မတီဝင်တွေကို ကတိပြုခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်က ကြောက်မတ်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်နေပြီး ထိုင်းနိုင်ငံနဲ့ဆွေးနွေးရာမှာ အဆိုပါကိစ္စက ထိပ်တန်းကိစ္စတစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။
နိုင်ငံပိုင် PTT က ရတနာနဲ့ဇောတိက ဓာတ်ငွေ့လုပ်ကွက်တွေကနေ မြန်မာ့ဓာတ်ငွေ့တင်ပို့မှုရဲ့ ၈၀ ရာခိုင် နှုန်းကို ဝယ်ယူပြီး စစ်ကောင်စီထိန်းချုပ်တဲ့ ဘဏ်အကောင့်တွေထဲ ပေးချေနေတဲ့ အကြီးမားဆုံး ဓာတ်ငွေ့ဝင်ငွေ အတွက် တာဝန်ရှိတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အဲဒီဓာတ်ငွေ့လုပ်ကွက်နှစ်ခုကနေ နှစ်စဉ် ဒေါ်လာတစ်ဘီလီယံခန့် ရရှိ တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ထိုင်းစစ်တပ်အကြီးအကဲဟောင်း ဝန်ကြီးချုပ် ပရာယွပ် ချန်အိုချာနဲ့ တွေ့ဆုံပြီးနောက် မြန်မာစစ်ကောင်စီအပေါ် သဘောထားတင်းမာတဲ့ရပ်တည်ချက် ထုတ်ဖော်ပြောခဲ့ တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ ဗန်ကောက်ခရီးစဉ်အပြီးမှာ အထက်လွှတ်တော် ကြားနာမှု ပြုလုပ်ခဲ့တာပါ။
လူမဆန်တဲ့ အကြမ်းဖက်မှုတွေရပ်တန့်ပြီး တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်း ဖို့ ထိုင်းနဲ့ အာဆီယံနိုင်ငံတွေက အာဏာသိမ်းစစ်အုပ်စုကို တွန်းအားပေးရမယ်လို့ ဘလင်ကန်က ဆိုပါတယ်။
ကိုးကား – RFA
Ref; US ambassador-nominee to Bangkok promises to help Thais pressure Burmese junta