ဧရာဝတီတိုင်းမ်
ဇွန်လ ၄ ရက်

ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်တိုက်ခတ်ခဲ့သည်မှာ နှစ်ပတ်ကျော်ကြာပြီဖြစ်သော်လည်း ထောက်ပံ့ရေးများဆောင်ရွက်ရာတွင် စစ်ကောင်စီထက် လူမှုအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့ပေးမှုများက ပိုမိုထိရောက်ကြောင်း ရခိုင်ဒေသခံများက ဆိုသည်။

ထို့အတူ စစ်ကောင်စီက တာဝန်ပေးထားသည့် ဒေသအလိုက် စစ်ကောင်စီ တပ်အရာရှိများ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခြင်းထက် ဒေသခံလူမှုကူညီရေး အဖွဲ့အစည်းများပါအဝင် ရက္ခိုင့်တပ်တော် (ULA/AA) ၏ ကူညီထောက်ပံ့ပေးမှုများက မြေပြင်တွင်ပိုမိုထိရောက်ကြောင်း ရခိုင်ပြည်သူများထံက သိရသည်။

စစ်ကောင်စီသည် လူနေအိမ်များကို ချန်လှပ်၍ စစ်တွေမြို့ပေါ်ရှိလမ်းမကြီးများကို မီးစက်ဖြင့် မီးလင်းစေပြီး ဆန်တစ်ပြည်၊ ဘဲဥတစ်လုံးသာ ကူညီထောက်ပံ့နိုင်ချိန်တွင် လူမှုအဖွဲ့အစည်းများက အိမ်ထောင်စုလျှင် ကျပ်ငါးသောင်းမှ တစ်သိန်းထိ ထောက်ပံ့ပေး နိုင်ကြောင်း စစ်တွေမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။

ကူညီထောက်ပံ့မှုများသည် မြို့ပေါ်ရပ်ကွက်များတွင်သာ အနည်းငယ်ရရှိပြီး လမ်းပန်းဆက် သွယ်ရေးခက်ခဲသည့် ကျေးရွာအများစုအတွက် အကူအညီအထောက်အပံ့များ လိုအပ်နေဆဲဖြစ်ကြောင်း စစ်တွေမြို့ခံများထံက သိရသည်။

“အပျက်အစီးအရမ်းများတယ်။ ၁၀၀ ရာခိုင်နှုန်း မှာ ၁၀ ရာခိုင်နှုန်းပဲ (အကူညီ) ရနိုင် တဲ့အခြေအနေရှိတာပေါ့။ တချို့မရသေးတဲ့ နေရာတွေအများကြီးရှိတယ်။ အဓိက က ပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေမရသေးဘူး။ မရောက်နိုင်ဘူး” ဟု ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် စစ်တွေမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မုန်တိုင်းသင့်ပြည်သူများသည် လက်ရှိအချိန်ထိ အကူညီ လုံလောက်စွာမရသေးဘဲ အဓိက အနေဖြင့် အစားအစာနှင့် အမိုးအကာအပါအဝင် ရေသန့်ရရှိ‌ရေး အရေးပေါ် လိုအပ်နေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသော စစ်တွေမြို့ခံ ကဆိုသည်။

“ ကျွန်တော်တို့ရွာဘက်တော့ အခုထက်ထိကူညီရေးမရသေးဘူး။ ဘယ်ကပေးတာလဲ တော့မသိဘူး မာမီးခြောက်ဆွဲ ခြောက် ထုပ်ရဖူးတယ်။ စားဖို့နဲ့အိမ်ပြန်ဆောက် ဖို့ အကူညီအများကြီးလိုတယ်” ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ကျေးရွာမှ ဒေသခံ ဦးစံထွန်းကျော်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှုးများမှတဆင့် ထောက်ပံ့ရေးပစ္စည်းများ ပေးရာတွင် လုံလောက်စွာမပေးသဖြင့် ပစ္စည်းလက်မခံသည့် ရွာများလည်း ရှိကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှ ထံကသိရသည်။

“ထောက်ပံ့ပစ္စည်းနည်းလို့ မယူသွားဘူး။ အဲဒီ သစ်သားပြား ၃၀ ကိုယူသွားရင် ရွာမှာ ပျက်စီးတဲ့အိမ်က ၁၀၀၊ သစ်သားချပ် ၃၀ နဲ့ကဘာမှလုပ်လို့မရဘူးလေ။ အဲဒါကြောင့် ကူညီထောက်ပံ့မှုအများစုမရသေးတာဖြစ်တယ်။ စားဖို့၊ အိမ်ပြန်ဆောက်ဖို့လိုတယ်” ဟု ဦးသာထွန်းလှက ပြောသည်။

မုန်တိုင်းဒဏ်သင့်သောနေရာ ဒေသအနှံ့သို့ ကယ်ဆယ်ရေးပစ္စည်းများမရောက်ရှိသေး သော်လည်း ဈေးကွက်အတွင်းတွင်မူ ကယ်ဆယ်ရေးပစ္စည်းများကို ရောင်းချနေကြောင်း စစ်တွေမြို့ခံတစ်ဦးထံက သိရသည်။

“အထက်ကြီးစား အောက်ကြီးစားလုပ်မှာပေါ့။ ကောင်းတာသူတို့ယူမှာပေါ့။ အခုလို ရှားပါးနေတော့ပိုဆိုးပဲ။ အထက်ကယူလိုက်အောက်ကယူလိုက်နဲ့ ပြည်သူကဘာမှ မရတော့ဘူး။ စစ်သင်္ဘောအသစ်ကြီးနဲ့ပို့နေတာတဲ့ ပစ္စည်းအကောင်းတွေလည်း လဲရင်လဲထားမှာ” ဟု ရခိုင်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) သည် ရခိုင်ပြည်နယ်ရှိလူဦးရေ ၁၀၇,၀၀၀ အတွက် စားနပ်ရိက္ခာထောက်ပံ့ပေးပြီး အိမ်ထောင်စု ၇,၇၀၀ အတွက် အမိုးအကာနှင့်အခြား လိုအပ်‌သောကယ်ဆယ်ရေးပစ္စည်းများအပါအဝင် သောက်သုံးရေ လီတာ ၃၀,၀၀၀ ကျော် ဖြန့်ဝေပေးပြီးကြောင်း သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – WFP
#ရခိုင်ပြည်နယ် #အရေးပေါ်အကူအညီ #မိုခါမုန်တိုင်း #Ayeyarwaddy_Times