ဧရာ၀တီတိုင်းမ်
ဇွန်လ ၃ ရက်

သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်ရန်နှင့် သတင်းသမားများအပေါ် ကာကွယ်ရန်အတွက် လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (Independent Myanmar Journalist Association-IMJA) တည်ထောင်လိုက်ကြောင်း IMJA ဖြစ်မြောက်ရေးကော် မတီထံက သိရသည်။

ဇွန်လ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် IMJA တွင် သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်ကာကွယ်ရန် ကတိကဝတ် ပြုထားသော သတင်းသမားများ၊ မီဒီယာ အဖွဲ့အစည်းများပါဝင်ပြီး ဇူလိုင်လအတွင်း ညီလာခံ ခေါ်ယူသွားမည်ဖြစ်ကြောင်း IMJA ၏ ပြန်ကြားရေးတာဝန်ခံထံက သိရသည်။

“အာဏာသိမ်းပြီးတဲ့နောက် သတင်းသမားတွေအကုန်လုံး ပစ်မှတ်ထားပြီး တိုက်ခိုက်ခံ လာရတယ်။ အဲ့ဒီမှာ ကျွန်တော် အပါအဝင် တောထဲရောက်သူရောက်၊ နယ်စပ်ဒေသကို ရောက်သူရောက် ၊ တစ်ဖက်နိုင်ငံကို ထွက်ပြေးသူထွက်ပြေးဖြစ်လာကြတယ်။ ကျွန်တော်တို့ရဲ့ လုံခြုံမှုနဲ့ အသက်ရှင်သန်ရပ်တည်မှုက စိတ်ချရတဲ့ အနေအထားမှာ ရှိမနေဘူး။ ဘ၀တူသတင်းမားတွေနဲ့ စကားပြောကြည့်တဲ့ အခါမှာအဖွဲ့အစည်းတစ်ခု လိုအပ်လာပြီလို ယူဆတယ်။ ဒါကြောင့် ကျွန်တော်တို့ အဖွဲ့ တစ်ခုဖွဲ့ပါတယ်။ အားလုံးရဲ့ပါဝင်မှုနဲ့ ဖွဲ့စည်းပုံရေးဆွဲပြီးမှ ကြေညာတဲ့ အဆင့်ကို ရောက်လာတာပါ” ဟု IMJA ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကျော်မင်းက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA)သည် မြန်မာနိုင်ငံသတင်းထောက်များ၏ လုံခြုံရေးကို အကာအကွယ် ပေးရေး၊ သတင်းသမားများအပေါ် တိုက်ခိုက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်ခြင်း၊ သတင်းသမားများ၏ လုံခြုံမှုနှင့် လုံခြုံရေးကို မြှင့်တင်ပေးသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ကွန်ရက်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အရင်က ကျွန်တော်တို့မှာ သတင်းသမား အဖွဲ့အစည်းတွေ အများကြီးရှိခဲ့တယ်။ ဒီမိုကရေစီကာလမှာ ဘယ်သူတွေ ဦးဆောင်တယ်၊ အဖွဲ့ဝင်တွေက ဘယ်သူဆိုပြီး ပေါ်ပေါ်ထင်ထင်အလုပ်လုပ်ခဲ့ကြတယ်။ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ကျွန်တော်တို့ သတင်းသမားတွေရဲ့ လုံခြုံရေး၊ မီဒီယာ လွတ်လပ်ခွင့် စတာတွေကို လုပ်နိုင်စွမ်း မှေးမှိန်လာတယ်။ အဲ့ဒီလို မလုပ်နိုင် အောင်လည်း စစ်ကောင်စီက အများကြီး ထိန်းချုပ်လိုက်တယ်။ မီဒီယာကောင်စီကို ထိန်းချုပ်လိုက်တာမျိုးပေါ့။ ဒါကြောင့် ဒီလိုအဖွဲ့အစည်းတွေနဲ့ မတူတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်း တစ်ခုရှိမှသာ ကျွန်တော်တို့ လုပ်လို့ရမယ်” ဟု ကိုကျော်ကျော်မင်းက ဆိုသည်။

IMJA အနေဖြင့် မီဒီယာဥပဒေကို ပြဋ္ဌာန်းရန်၊ ကျင့်ဝတ်နှင့် တာဝန်သိသော သတင်းစာပညာကို ပံ့ပိုးပေးသည့် စာနယ်ဇင်းကောင်စီ သို့မဟုတ် သတင်းစာဆရာကောင်စီကို ထူထောင်ရန်အတွက် တွန်းအားပေး သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ IMJA စတင်တည်ထောင်ပြီလို့ ကြေညာလိုက်ပေမယ့် အဖွဲ့အစည်း တရားဝင်ဖြစ်ကြောင်း အပြီးသတ်မှာက အထွေထွေညီလာခံပြီးမှပါ။ အခုက ဖွဲ့စည်းပြီးပြီလို့ ကြေညာတာပါ။ သတင်းသမားအားလုံး ပါဝင်နိုင်ဖို့အတွက် ကျွန်တော်တို့ကြိုးစားနေတယ်။ သတင်းသမားတွေပါဝင်မှုကလည်း တိုက်အနေနဲ့ မဟုတ်ဘဲ တစ်ဦး တစ်ယောက်ခြင်း လွတ်လပ်စွာပါဝင်မှုနဲ့ ပါဝင်နိုင်အောင် စည်းရုံးမှုတွေ စလုပ်နေပါတယ်” ဟု IMJA ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကျော်မင်းက ပြောသည်။

လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) ၏ အထွေထွေညီလာခံကို ဇူလိုင်လအတွင်း ပြုလုပ်ရန် ရည်ရွယ်ထားပြီး ဖွဲ့စည်းပုံကို အတည်ပြု၍ အမှုဆောင်ကော်မတီကို ရွေးကောက်တင်မြောက်ပြီးပါက တရားဝင် လုပ်ဆောင်မှုများကို စတင်မည်ဖြစ်ကြောင်း သိရသည်။

“ညီလာခံမှာ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံကို အတည်ပြုမယ်။ ဖွဲ့စည်းပုံ အတည်ပြုပြီးလို့ အမှုဆောင်ကော်မတီကိုရွေးကောက်တင်မြောက်ပြီးရင် တရားဝင်အလုပ်စလုပ်နိုင်ပါပြီ” ဟု ကိုကျော်ကျော်မင်းက ဆိုသည်။

လက်ရှိတွင် IMJA ဖြစ်မြောက်ရေး ကော်မတီအနေဖြင့် နိုင်ငံတကာသံရုံးများ အပါအဝင် လက်ရှိအစိုးရဟု သက်မှတ်ထားသည့် တာဝန်ရှိသူများထံ အသိပေးအကြောင်းကြားထားပြီး ဖြစ်၍ စတင်တည်ထောင်ပြီ ဟုဆိုနိုင်ကြောင်း IMJA ပြန်ကြားရေးတာဝန်ခံထံက သိရသည်။

ပုံစာ-IMJA၏အမှတ်တံဆိပ်
#သတင်းလွတ်လပ်ခွင့် #သတင်းသမားများကာကွယ် #IMJAတည်ထောင် #ညီလာခံ #ဇူလိုင်လ #Ayeyarwaddy_Times