ဧရာဝတီတိုင်းမ်
မြန်အောင်၊ ဇွန် ၃ ရက်
ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းနယ်မြေအတွင်းရှိ သစ်တောကြိုးဝိုင်းတစ်နေရာတွင် လက်နက်များနှင့် စခန်းတစ်ခုကို ဇွန်လ၃ရက်နေ့ မနက်ပိုင်းက သိမ်းဆည်းရမိကြောင်း စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ် စာမျက်နှာများတွင် ဖော်ပြကြသည်။
“မြန်အောင်ဘက်က ရိုးမနဲ့ထိစပ်နေတဲ့ဘန့်ဘွေးကုန်း၊ မျှင်ဝါးတောင်တို့ တပ်ကုန်းတို့နားက မြန်အောင်သစ်တောကြိုးဝိုင်းထဲမှာစခန်းတစ်ခု တွေ့တာလို့ပြောတယ် အဲ့နေရာတွေက စစ်ကြောင်းမကြာခဏ ထိုးနေတာပဲ ခုရက်ပိုင်းလဲ အင်အား၅၀လောက် နဲ့ရှာနေကြတာတော့တွေ့တယ် စခန်းတွေ့မတွေ့တော့ ကိုယ်တွေမမြင်ရအတည်ပြုလို့တော့မရဘူး သတင်းရလို့ရှာနေတာတော့ကြာနေပြီ” ဟု ဒေသခံတစ်ဥဦးကဧရာ၀တီတိုင်မ်းကိုပြောသည်။
မြန်အောင်မြို့နယ်၊ဘန့်ဘွေးကုန်းကျေးရွာအနောက်ဘက် မြန်အောင်သစ်တောကြိုးဝိုင်းအတွင်းတွင် သတင်းပေးချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ လက်လုပ်သေနတ် ၉ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊လက်လုပ်ဗုံးသီး ၂၃ လုံး၊စကားပြောစက် ၁ လုံး၊တူမီးသေနတ် ၁၈ လက်၊လက်လုပ်သေနတ်ပြောင်း ၂၃ ခု၊တူမီးသေနတ်(သစ်သားကိုယ်ထည်) ၁၈ ခု၊ ရှော့တိုက်ဗုံးသီးခွံ့ ၆ လုံး၊လက်လုပ်မိုင်း ၁ လုံး၊ လက်လုပ်အသံမိုင်း ၁၁ လုံး၊ ယမ်းမှုန့် ၁ပိဿာ ၁ထုပ်၊သံဘောစေ့ ၁၇ ထုပ်၊ကန့် ၁ ထုပ်၊ ဆန် ၁၂ပြည် တစ်ပုံး၊ငါးပိ တစ်ပုံး ဆေးပစ္စည်းမျိုးစုံ တစ်အိတ်၊ လက်ဆွဲမီးစက် တစ်လုံး မိုးကာအင်္ကျီ အထည် ၂၀ ၊ ဘက်ထရီအကြီး တစ်လုံး၊ဝါယာကြိုးဖြူ/နီ လေးခွေ၊ ဆိုင်ကယ်ဘက်ထရီ သုံးလုံး၊ သံပိုက်မျိုးစုံ ၃၉ ချောင်းတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ယခုကဲ့သို့ စစ်ကောင်စီဘက်က စခန်းနှင့် ပစ္စည်းများ သိမ်းဆည်းရမိခြင်းနှင့် ပတ်သတ်ပြီးအဆိုပါ နယ်မြေတွင် လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများဘက်က တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ပြီးခဲ့သည့် မေလ၂၆ရက်နေ့ကဟိုင်းကြီးကျွန်းမြို့သံပုရာကုန်းကျေးရွာ အနောက်ဘက်တောထဲတွင် လက်နက်နှင့် စခန်းတစ်ခု ကို စစ်ကောင်စီကသိမ်းဆည်းရမိခဲ့ပြီး ဒေသခံ၁၀ဥဦးကိုလည်း PDF ကိုကူညီ အားပေးသည်ဟု ဆိုကာ စွတ်စွဲဖမ်းဆီးခဲ့သောကြောင့် မြန်အောင် ဒေသတွင်လည်း မတရားစွပ်စွဲဖမ်းဆီးခြင်းများ ပြုလုပ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
#မြန်အောင်မြို့ #သစ်တောတွင်းမှာ #လက်နက်ခဲယမ်းတွေနဲ့ #စခန်းတခုသိမ်းဆည်းခံရ
#Ayeyarwaddy_Times