ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇွန် ၃ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် အိမ်လုံးကျွတ်ပျက်စီးသွားသော အိမ်ထောင်စုများကို ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ထောက်ပံ့ငွေ ၁၃၀၀၀၀ ကျပ်ပေးအပ်ခဲ့ရာ မုန်တိုင်းသင့်ပြည်သူများ၏ မြေပြင်တွင် အမှန်တကယ် လိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိကြောင်းဒေသခံများထံမှ သိရသည်။

” ပျက်စီးသွားတဲ့ အိမ်တိုင်းမထောက်ပံ့ဘူး။ အိမ်အလုံးလိုက်ပျက်စီးသွားတဲ့ အိမ်ထောင်စုတစ်စုချင်းကို ငွေသားနဲ့ ပိုက်ဆံ တစ်သိန်း သုံးသောင်းထောက်ပံ့တာ။ ​အဲ့ပိုက်ဆံနဲ့ မြေပြင်မှာ ဘာမှဝယ်လို့ မရဘူး။ ပြောချင်တာက မြေပြင်မှာ တကယ်လိုအပ်နေတာ အိမ်ဆောက်ပစ္စည်းတွေပါ။ လိုအပ်နေတဲ့ အိမ်ဆောက်ပစ္စည်းတွေက မတူပီမြို့မှာ ဝယ်ယူလို့မရဘူးပေါ့နော်။ မြို့ထဲမှာ ဝယ်လို့ရတဲ့ တချို့အိမ်ဆောက်ပစ္စည်းလေးတွေတောင် ဈေးတအားကြီးတာ” ဟု မတူပီမြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မို
ခါမုန်တိုင်းကြောင့် ချင်းပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် လေဘေးသင့်အိမ်ထောင်စု တစ်စုလျှင် ဆန်(၁)အိတ်၊ ဆီ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲ ခြောက်တစ်ဖာနှုန်းဖြင့် အိမ်ထောင်စု (၁၇၀)စာအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

လေဘေးသင့်အိမ်ထောင်စုထောက်ပံ့ခြင်းအခမ်းအနားကို မတူပီ-ဖနိုင်၊ ဝေလုံးခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါအခမ်းအနားတွင် ဗိုလ်မှူးချုပ်ခင်မောင်အေး တက်ရောက်ခဲ့ကြောင်းသိရသည်။

မတူပီမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် လူနေအိမ် ၁၀၀၀ ကျော်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများအနေဖြင့် အချိန်ကြာမြင့်စွာ အိမ်ဆောက်ပစ္စည်းပျက်လပ်မှု​ကြုံတွေ့နေကြရသလို မြို့ထဲသို့ ရောက်ရှိလာသော အိမ်ဆောက်ပစ္စည်းများလည်း ဈေးနှုန်းအလွန်မြင့်တက်နေကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က မတူပီမြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များအတွက် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများပေးအပ်မည်ဟု စစ်ကောင်စီက ခေါင်းစဥ်တပ်ကာ အခမ်းအနားပြုလုပ်ပြင်ဆင်နေစဉ် လေပြင်းတိုက်ခတ်မှုကြောင့် အစီအစဉ်ပျက်သွား​ပြီး ဟန်ဆောင်ဓာတ်ပုံရိုက်ကာ ထောက်ပံ့ပစ္စည်းပေးအပ်သဖွယ် သတင်းဖြန့်ဝေခဲ့သေးသည်။

#ချင်းပြည်နယ် #မတူပီ #မိုခါမုန်တိုင်း​ #အိမ်လုံးကျွတ်ပျက်စီး #အိမ်ထောင်စုများ#စစ်ကောင်စီ #ထောက်ပံ့ငွေပေးအပ်#မြေပြင်လိုအပ်ချက်နှင့်ကွဲလွဲနေ
ပုံ-သလ္လာရွှေမြေ
#ချင်း #မုန်တိုင်းဒဏ်သင့် #အိမ်ထောင်စုများကို #စစ်ကောင်စီက #ထောက်ပံ့ရာတွင် #ဒေသခံလိုအပ်ချက်များ #ကိုက်ညီမှုမရှိ
#Ayeyarwaddy_Times