နွေဦးမောင် /ဧရာဝတီတိုင်းမ်
(ဧရာဝတီ)/ဇွန်လ ၃ ရက်

ဧရာဝတီတိုင်းအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်အချို့သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ကိုယ်ကျိုးရှာသည့် လုပ်ငန်းများကို လုပ်ကိုင်သူများ ရှိနေကြောင်း ဧရာဝတီတိုင်း နိုင်ငံရေး အသိုင်းအဝိုင်းထံမှ သိရသည်။

ကိုယ်ကျိုးရှာသည့် လုပ်ငန်းများဆိုသည်မှာစစ်ကောင်စီ ဒေါက်တိုင်များနှင့် ပေါင်း၍ စီးပွါးရေး လုပ်ငန်းများလုပ်ကိုင်ခြင်း၊ သတင်းပေးလုပ်ခြင်းနှင့် လုပ်ပါတီဝင်များနှင့် နိုင်ငံရေးအကြောင်း၊ တော်လှန်ရေးအကြောင်းများပြောပြီး စစ်ကောင်စီ ဒေါက်တိုင်များကို သတင်းပေးခြင်းများကို ပြုလုပ်နေခြင်းကို ဆိုလိုကြောင်း ပါတီဝင်အချို့ကဆိုသည်။

“အရင်က ရဲရဲတောက်တွေလေ NLD ပါတီမှာ နေရာရထားသူတွေပေါ့ ခုတော့ စစ်ကောင်စီတပ်တွေနဲ့ပေါင်းပြီး တော်လှန်ရေးအင်အားစုတွေ NLD ပါတီဝင်တွေကို ထောင်ခြောက်စဥ်ဖမ်းဆီးတဲ့နေရာတွေမှာလုပ်ဆောင်နေကြတယ်။ မြို့နယ် ရပ်ကွက်တွေမှာ စစ်ကောင်စီနှင့်ပတ်သတ်တဲ့ ပျူစေားထီး ပြည်သူ့စစ်နဲ့ ပရဟိတခေါင်းစဥ်တတ်လုပ်ပြနေပြီး သူတို့ ရပ်တည်နိုင်ရေးအတွက် စစ်ကောင်စီအလိုကျ လိုက်လုပ်နေတယ် “ ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်သားများကြား ပစ်ခက်မှု ဖြစ်ပွါးခဲ့ပြီးနောက် NLD ပါတီဝင်ဖြစ်ခဲ့သည့် လက်ရှိ ပျူစေားထီးခေါင်းဆောင် ကောင်းခန့်မော်ဆိုသူရေကြည်မြို့ (၁၂) လမ်းထိပ်က အိမ်ကိုဝင်ရောက်စီးနင်ရာတွင် စစ်ကောင်စီနှင့်ပူးပေါင်းပါဝင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ (၂) ရက်နေ့ကလည်း ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ကမ်းနာ ပိုင်းက လူငယ် နှစ်ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးသွားရာတွင်လည်း စစ်ကောင်စီနှင့်ပတ်သတ်နေသည့် NLD ပါတီဝင်တွေအချို့ ပါဝင်သည်ဟု မြို့ခံအချို့က ဧရာဝတီတိုင်းမ်ကိုပြောသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်က မတရား အာဏာသိမ်းပြီး နောက်ပိုင်း ဧရာဝတီတိုင်းမှ ကိုယ်စားလှယ်များ ဝန်ကြီးများသည်လည်း အခြားတိုင်းနှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များနည်းတူ ဖမ်းဆီးထိန်းသိမ်းခံကြရသည်။ အချို့ ကိုယ်စားလှယ်များသည် လွပ်မြောက်နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်နေသူများရှိသလို စစ်ကောင်စီထံ ခံဝန်ထိုးပြီး နေထိုင်နေသူများလည်းရှိသည်။

လက်ရှိတွင် NLD အစိုးရလက်ထက် ဧရာဝတီတိုင်းအစိုးရအဖွဲ့နှင့် လွှတ်တော်ဥက္ကဌတို့ကို ပြန်လွှတ်ပေးထားရာ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး တစ်ယောက်သာ အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းခံထားနေရသည်။

#ဧရာဝတီတိုင်း #NLDပါတီဝင်အချို့ #စစ်ကောင်စီနှင့်ပေါင်းပြီး #ကိုယ်ကျိုးရှာမှုများပြုလုပ်နေ
#Ayeyarwaddy_Times