ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဇွန်လ ၃ ရက်

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပိတောက်ငယ်ကျေးရွာ တံတား အနီးတွင် ပျူစောထီး အပါအဝင် စစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။

ဇွန်လ ၁ ရက်နေ့ မနက် ၁၀ နာရီခန့်က သရက်ချောင်းမြို့နယ် ပဲဒတ်ကျေးရွာကနေ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို ပိတောက်ငယ်ရွာ တံတားအနီးတွင် ၎င်းတို့က ကြားဖြတ် တိုက်ခိုက်ခဲ့သည်ဟု သိမ်းငှက် ပြည်သူ့ ကာကွယ်ရေး အဖွဲ့က ပြောသည်။

“ပျူစောထီး အဖွဲ့ဝင်တွေက ပဲဒက်ရွာရဲ့ ဘုရားတောင်ကုန်းပေါ်မှာ တပ်စွဲပြီးနေကြတယ်။ အဲဒီ ကနေပြီး ကျနော်တို့ ရဲဘော်တွေ စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ နေရာbက်ကို ပျူစောထီးတွေက ရမ်းသမ်း ပြီးလက်နက်ကြီးနဲ့ လှမ်းထုတယ်” ဟုလည်း သိမ်းငှက် ပြည်သူ့ကာကွယ်ရေး တပ်မှ ရဲဘော် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

ယင်းတိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ခန့် ဖြစ်ပွားခဲ့ပြီး သိမ်းဌက် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ လာနိုင်ခဲ့သည် ဟုလည်း ၎င်းက ပြောဆိုသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ အဖွဲ့များဘက်က ထိခိုက်ကျဆုံးမှုများ ရှိသော်လည်း အတိအကျကိုတော့ မသိရဟုလည်း ဆိုသည်။

ပြီးခဲ့သည့် မေလ အတွင်းကလည်း တောင်ပျောက် တိုက်နယ် သဲချောင်းကြီးရွာမှာ ကင်းလှည့်လာသော စစ်ကောင်စီ တပ်သား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

#သရက်ချောင်း #စစ်ကောင်စီတပ်နှင့် #ပြည်သူ့ကာကွယ်ရေး #အဖွဲ့ထိတွေ့တိုက်ပွဲဖြစ်ပွား #Ayeyarwaddy_Times