ဧရာဝတီတိုင်းမ်
ဇွန်လ ၃ ရက်
မြန်မာစစ်တပ်ဟာ တပ်သားသစ်စုဆောင်းလို့မရတဲ့ ပြဿနာတစ်ရပ် ကြုံတွေ့နေရတာဟာ မြန်မာနိုင်ငံ မှာ ဒီမိုကရေစီလှုပ်ရှားမှုအားလုံး ရပ်ဆိုင်းထားတဲ့ အာဏာသိမ်းစစ်ကောင်စီအတွက် စိန်ခေါ်မှုတွေဖြစ်နေတယ်လို့ Nikkei Asia က ဖော်ပြပါတယ်။
မြန်မာစစ်တပ်ဟာ လက်နက်ကိုင် ဒီမိုကရေစီအင်အားစုတွေနဲ့ ပဋိပက္ခဖြစ်ပွားနေပြီး အင်အားချိန်ခွင်လျာ ဟာ ခုခံတော်လှန်ရေးတပ်ဖွဲ့တွေဆီ ပြောင်းလဲသွားတယ်ဆိုတာ ညွှန်ပြနေတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ မြန်ဆန်စွာ အင်အားချိနဲ့လာနေတယ်လို့ မေလအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်ခုမှာ United States Institute of Peace မှ ဧည့်ပညာရှင်တစ်ဉီးဖြစ်သူ ရဲမျိုးဟိန်းက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုနောက်ပိုင်း တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ၁၃၀၀၀ ကျဆုံးကာ ဘက် ပြောင်းသူနဲ့ CDM လုပ်သူ ၈၀၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
မြန်မာစစ်တပ်ဟာ တစ်ကယ်တော့ အင်အားချိနဲ့နေပြီလို့ စစ်သားဟောင်းတွေနဲ့ အင်တာဗျူးတွေ၊ စစ် ဘက်ဆိုင်ရာ မှတ်တမ်းမှတ်ရာတွေက ဖော်ပြနေပါတယ်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို ဖျက်သိမ်းပြီးနောက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
လေတပ်၊ ရေတပ်နဲ့ အရန်တပ်ဖွဲ့တွေအားလုံး ပေါင်းလျင် မြန်မာစစ်တပ်ရဲ့အင်အားဟာ ၁၅၀၀၀၀ ခန့် သာရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ မြန်မာစစ်တပ်မှာ တပ်ဖွဲ့ဝင်အင်အား ၃၀၀၀၀၀ မှ ၄၀၀၀၀၀ အထိရှိ မယ်လို့ လေ့လာသူတွေက ခန့်မှန်းခဲ့ပေမယ့် လစ်လပ်သွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့နေရာမှာဖြည့်ဖို့ လူသစ်မစုဆောင်း နိုင်ခဲ့ဘူးလို့ အစီရင်ခံစာက ဖော်ပြပါတယ်။
မြန်မာစစ်တပ်ရဲ့အင်အားကို ယခင်က ချဲ့ကားခဲ့တာလို့ အခြား လေ့လာသူတွေက ပြောပါတယ်။ မြန်မာ စစ်တပ်ရဲ့လုပ်ရပ်တွေကို လက်မခံတဲ့ လူငယ်တွေကြား မကျေမချမ်းမှုတွေကြောင့် မြန်မာစစ်တပ်အတွက် လူသစ် စုဆောင်းမှုပြဿနာရှိခဲ့တာလို့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ အတိုက်အခံတွေအပေါ် ရက်စက်သောလုပ်ရပ်က ၂၀၂၁ ခုနှစ်မတိုင်မီ ဒီမိုကရေစီအရ သာ ကြုံတွေ့ခဲ့ရတဲ့ လူငယ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။ ဒီနှစ် ဧပြီလအတွင်း မြန်မာစစ်တပ်ဟာ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ NUG ရဲ့ ရုံးခန်းတစ်ခုဖွင့်လှစ်ဖို့ စုဝေးနေတဲ့ လူ ပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်တော်လှန်ရေးဟာ မအောင်မြင်ခဲ့ဘဲ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက်မှုကို အကြမ်းမှုနဲ့တုံ့ပြန်ဖို့ တောင်းဆိုလာပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကလည်း စစ်ကောင်စီကို ပျောက်ကြားတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
တစ်ချိန်က အမဲလိုက်ရိုင်ဖယ်တွေ၊ လက်လုပ်သေနတ်တွေနဲ့ စစ်ကောင်စီကို တိုက်ခိုက်ခဲ့တဲ့ PDF တွေ ဟာ အခုချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံမှ ဝယ်ယူရရှိတဲ့ ခေတ်မီချေမှုန်းရေးလက်နက် တွေနဲ့ တိုက်ပွဲဝင်နေနိုင်ပြီဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဆက်လက် မြင့်တက်လာပါတယ်။ အာဏာ သိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၃၅၀၀ ကျော်ကို သတ်ဖြတ်ကာ ဒီမိုကရေစီထောက်ခံသူ ၁၆၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါ တယ်။
NUG ဟာ မြန်မာစစ်တပ်နဲ့ ဆယ်စုနှစ်ချီ တိုက်ခိုက်နေတဲ့ လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဒီမိုကရေစီလှုပ်ရှားမှုကို ဉီးဆောင်နေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်တွေက ဘယ်လိုပဲဖြစ်နေပါစေ စစ်ကောင်စီကို တော်လှန်မယ်လို့ ပြောပါတယ်။
ဆောင်းပါးရှင် Shankhyaneel Sarkar ရဲ့ Myanmar Military Suffers Shortage as Recruitment Staggers, Desertions, Defections Rise ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။