ဧရာဝတီတိုင်းမ်
(သထုံ)၊ ဇွန်လ ၃ ရက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာရှိ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ဆက်သွယ်ထားသည့် ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို ဇွန်လ ၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်က KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အများစုရှိရာ ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက လက်နက်ငယ်များ၊ မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့်အတွက် ဒုရဲမှူးသီဟဇော်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာသူအများအပြားရှိခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။

တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များမှာ စစ်ကောင်စီရဲတပ်ရင်း (၂၂) မှ ဒုတိယရဲမှူးသီဟဇော်၊ ရဲတပ်ကြပ်စိုးညွန့်ဝင်း၊ ရဲတပ်သား ကျော်ရဲအောင်၊ ရဲတပ်သားချစ်ဦးသူ၊ ရဲတပ်သားကျော်ရဲနောင်၊ ခမရ (၂၀၆) တပ်ရင်းမှ တပ်ကြပ်အောင်ရဲနိုင်တို့ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

“တိုက်ခိုက်ခဲ့တာကတော့ သူတို့(စစ်ကောင်စီ) ရှိတဲ့ဂိတ်ရှေ့က ကျွန်တော်တို့ ဘက်က ကားမှာ မိုင်းအပြည့်တင်ပြီး အဆောက်အအုံရှေ့ပစ်ချပြီး ဖောက်ခွဲပြီးတိုက်ခိုက်ခဲ့တယ်။ ကျွန်တော်တို့ရရှိထားတဲ့ စာရင်းအရ ခြောက်ယောက်သေတယ်ဆိုတာ အတည်ပြုနိုင် တယ်” ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုများသည့်အတွက် စစ်ကောင်စီ ခလရ (၂၄) တပ်ရင်းမှ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်ခဲ့ရာ အသက် (၁၃) နှစ်ရှိ ဒေသခံ ကလေးတစ်ဦးနှင့် အသက် (၄၂) နှစ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး ဒေသခံ နှစ် ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ဒေသခံတွေက လက်နက်ကြီးထိပြီး သေတာ။ ‌ပထမတစ်လုံးက ဒူးရင်းဆိပ်ရွာ ထဲကျပြီး ကလေးတစ်ဦးသေတယ်။ ဒုတိယတစ်လုံးက ဒူးရင်းဆိပ်ဈေးထဲကျပြီး အမျိုးသမီးတစ်ဦး ထိသေတယ်။ အရေးပေါ်ဓာတ်မှန်ရိုက်လိုက်ရတဲ့သူတွေလဲ ၁၉ ယောက်လောက်ရှိ တယ်လို့ကြားရတယ်” ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ KNLA တပ်ဖွဲ့ဝင်တစ်ဦးနှင့် သထုံ(ပကဖ)တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး တစ်ဦးထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရ သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေနတ် ငါး လက်၊ ကျည်ဘောက် ရှစ် ခု၊ ကျည်ဆံများ၊ ဖုန်း နှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များသည် အဆိုပါနေ့ ဇွန်လ ၁ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံ ခမရ(၁) တပ်ရင်း၊ ခလရ(၂၄) တပ်ရင်း၊ အမြောက်တပ် အမတ (၄၀၂) တပ်ရင်းတို့ကို ဒရုန်းများဖြင့် ဗုံးသီးချကာ ထပ်မံ တိုက်ခိုက်ခဲ့ပြီး အဆောက်အအုံတချို့ ပျက်စီးခဲ့ကြောင်း သထုံ(ပကဖ)ထံက သိရသည်။
ဓာတ်ပုံ – CJ
#သထုံမြို့နယ် #ဒုံသမိတံတားဂိတ် #တိုက်ပွဲ #ဒုရဲမှူးအပါ၆ဦး #လက်နက်ကြီးပစ်ခတ် #သေဆုံး #သထုံပကဖ #ဘီးလင်းပကဖ #KNLA #Ayeyarwaddy_Times