ဧရာဝတီတိုင်းမ်
ငပုတော ၊ ဇွန် ( ၃ )
ဧရာဝတီတိုင်း ၊ ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းအနီးပင်လယ်ပြင်ရှိ စက်လှေတစ်စီးပေါ်ကနေဖမ်းဆီးရမိခဲ့သည့် ရိုဟင်ဂျာ ၆၂ ဦးကို မေလ၃၁ရက်နေ့က ငပုတောမြို့နယ်တရားရုံးမှ ထောင်ဒဏ်ငါးနှစ်စီချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူ တစ်ဦးထံက သိရသည်။
” ရိုဟင်ဂျာ (၆၂)ဦးကို နိုင်ငံသား မှတ်ပုံတင်အက်ဥပဒေ ပုဒ်မ ၆၃ ( က )နဲ့ ထောင် ငါးနှစ် စီ အမိန့်ချလိုက်တာ ၁၈နှစ်မပြည့်သေးတဲ့ ကလေး ရှစ်ဦးကိုကလေးထောင်ပို့တယ်ဘာမှဖြေရှင်းခွင့်မရှိဘူး သူတို့ကိုလိုက်ပို့တယ်ဆိုတဲ့စက်လှေသမားငါးဦးကတော့ လူကုန်ကူးမှုနဲ့ စစ်နေတုန်း”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကစစ်ကောင်စီရေတပ် ကင်းလှည့်စဉ် ဟိုင်းကြီးကျွန်းအနီးပင်လယ်ပြင်တွင် ရိုဟင်ဂျာအမျိုးသား ၅၀ဥဦးနှင့် အမျိုးသမီး ၁၂ ဥဦးကိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လက်ရှိထောင်ဒဏ်ချမှတ်ခံထားရသူများသည် ပွဲစားများ၏ ချိတ်ဆက်ပေးမှုနှင့် ရခိုင်ပြည်နယ်ဒုက္ခသည်စခန်းများကနေ မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် စက်လှေနှင့် ထွက်လာစဉ်မှာစစ်ကောင်စီရေတပ်နှင့် တွေ့ပြီး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
ဧရာ၀တီတိုင်းတွင် ၂၀၂၃ ခုနှစ်နှစ်အတွင်း ရိုဟင်ဂျာ များဖမ်းဆီးခံရမှု ငါးကြိမ်ရှိပြီဖြစ်ကာ ဧပြီလ ၁၉ ရက်နေ့ကလည်း ရိုဟင်ဂျာ ၇၀ ဦးကို ငရုတ်ကောင်းမြို့ပင်လယ်ပြင် တွင် ဖမ်းဆီးမိခဲ့သည့်အတွက် ငပုတောမြို့နယ်တရားရုံးက ထောင်ဒဏ်၂နှစ်စီ ချမှတ်ခဲ့သေးသည်။
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း ရိုဟင်ဂျာ ၇၀၀ကျော် ဖမ်းဆီးခံရပြီး လူ၀င်မှုကြီးကြပ်ရေးဥပဒေများနှင့် တရားစွဲဆိုခံရကာ ၎င်းတို့အနက်မှ ၅၀၀ကျော်သည် ထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
ဓာတ်ပုံ—ရိုဟင်ဂျာများ (ပုံအဟောင်း )
#ဟိုင်းကြီးကျွန်းမြို့အနီးပင်လယ်ပြင်တွင် #ဖမ်းဆီးခံရသည့် #ရိုဟင်ဂျာ၆၂ဦး #ကိုထောင်ဒဏ်၅နှစ်စီချမှတ်
#Ayeyarwaddy_Times