နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)/ဇွန်လ ၃ ရက်
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရွာလေးရွာကြားသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ၊ PDF တော်လှန်ရေး တပ်ဖွဲ့ဝင် များသည် ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က အနီးကပ် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်းများကို လာရောက် ကောက်ယူခြင်း မရှိသေးကြောင်း သိရသည်။
အဆိုပါ အနီးကပ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ကောင်စီသည် ယနေ ဇွန်လ ၃ ရက်နေ့အထိ သေဆုံးနေသည့် အလောင်းများကို လာရောက်ကောက်ယူခြင်း မရှိသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထံကသိရသည်။
“စစ်ကောင်စီဘက်က ကင်းလှည့်လာတဲ့စစ်ကြောင်းကို တော်လှန်ရေး အင်အားစုတွေနဲ့ ထိပ်တိုက်တွေပြီး တိုက်ပွဲဖြစ်တာ။ မေလ ၃၁ရက်နေ့ ညကတည်းကဖြစ်တာ။ ဇွန်လ ၁ရက်နေ့မှာလည်း တိုက်ပွဲ ထပ်ဖြစ်တယ်။ စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဦးထက်မနည်းသေတယ်။ ဒီနေ့ဆိုရင် သုံးရက် မြောက်ဖြစ်နေပြီ။ အလောင်းတွေ ခုထိလာမကောက် သေးဘူး” ဟု ယင်းမာပင်မြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိ သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ရွာလေးရွာမှာ တဆက်ထဲ ဖြစ်ပြီး ရှေ့ဆုံးမှနေ၍ ရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင်အား ၂၀ ကျော်ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများ အနီးကပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သေရဲရင်ထွက်ခဲ့ဆိုပြီး မြို့ပေါ်မှာ အော်ဟစ်နေတဲ့ကောင်တွေ ၊ အခုထွက်လာတော့ လည်း သူတို့အလောင်းတွေတောင် သူတို့ပြန်လာမကောက်နိုင်ဘူး။ လက်နက်အားကိုးပြီး ပြည်သူကိုအနိုင်ကျင့်ဗိုလ်ကျနေတာ။ အခုလည်း ရွာလေးရွာအုပ်စုကြားမှာ စစ်ကြောင်း ထိုးလာလို့ အနီးကပ်တိုက်ခဲ့တာ” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိကဆိုသည်။
စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျေးရွာများရှိ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာများအတွင်းသို့ ပြန်လည်ဝင်ရောက်ရဲခြင်း မရှိသေးကြောင်း သိရသည်။
#စစ်ကိုင်းတိုင်း #ယင်းမာပင်တွင် #စစ်ကောင်စီတပ် #တော်လှန်ရေးတပ်ဖွဲ့များ # ထိတွေ့တိုက်ပွဲ #အလောင်းများ #ကောက်ယူခြင်းမရှိ #Ayeyarwaddy_Times