ဧရာဝတီတိုင်းမ်
ဇွန်လ ၃ ရက်

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သူလျှိုဂြိုဟ်တုတစ်လုံး လွှတ်တင်ဖို့ ကြိုးပမ်းခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံကို ရှုတ်ချဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပေါ် အမေရိကန်နိုင်ငံရဲ့ တောင်းဆိုချက်ကို တရုတ်နဲ့ရုရှားက မသိကျိုး ကျွန်ပြုခဲ့ပေမယ့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာမှုအတွက် အမေရိကန်နိုင်ငံကို အပြစ်ဖို့ခဲ့ တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားရဲ့ မအောင်မြင်တဲ့ ဂြိုဟ်တုလွှတ်တင်မှုကို ဆွေးနွေးဖို့ ကုလသမဂ္ဂနဲ့ မဟာမိတ်နိုင်ငံ တွေ ဆင့်ခေါ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်မှ သံတ မန်တစ်ဉီးဖြစ်သူ ရောဘတ်ဝုဒ်က အခုလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ဂြိုဟ်တုလွှတ်တင်ရာမှာ ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုခဲ့တာကြောင့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာကျတယ်လို့ အမေရိကန်နိုင်ငံက ပြောပါတယ်။

“နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေနိုင်တဲ့ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုလွှတ်တင်မှုကို ရှုတ်ချဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို ကျွန်တော်တို့ တောင်းဆိုပါ တယ်” လို့ ရောဘတ်ဝုဒ်က ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံက မကြာမီ သူလျှိုဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှတ်တင် ကာ စစ်ရေးစောင့်ကြပ်မှုလုပ်ရပ်တွေ တိုးမြှင့်လုပ်ဆောင်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီ မဖြစ်သူ ကင်ယိုဂျောင်က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ လုံခြုံရေးစိုးရိမ်မှုရှိပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ တင်းမာမှုလျော့ချ အောင်ကြိုးပမ်းသင့်ကာ တစ်ဉီးတစ်ဖွဲ့တည်းကို အပြစ်မတင်သင့်ဘူးလို့ တရုတ် ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဂန်ရှောင်က ပြောပါတယ်။

တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ကာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်စေတဲ့အတွက် ဂန်ရှောင်နဲ့ ကုလသမဂ္ဂဆိုင်ရာ ရုရှား အမြဲတမ်းကိုယ်စားလှယ် အန်နာအက်စတီနီဗာတို့ က အမေရိကန်နိုင်ငံကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည်နည်းပညာ အသုံးပြုပြီး ဂြိုဟ်တုလွှတ်တင်မှုက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာကျတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူ တာရက်စ်က ဒီသီတင်းပတ်အတွင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – The Straits Times
Ref; China and Russia ignore US call at UN to condemn North Korea satellite launch

#Ayeyarwaddy_Times